Home
မြန်မာသတင်း
ပလရဲစခန်း ဒရုန်းဗုံးချခံရပြီး မီးလောင်၊ မြိတ်မြို့က ရာဘာစက်ရုံ မီးလောင်
DVB
·
January 19, 2025

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် ၁ ရက်ကျော်ကြာ မီးလောင်ခဲ့ပြီး မြိတ်မြို့မှာလည်း ရာဘာစက်ရုံတခု မီးလောင်ခဲ့ပါတယ်။

မြိတ်မြို့၊ ရှမ်းချောင်းရပ်ကွက်၊ သတင်းစာတိုက်လမ်းက ရာဘာစက်ရုံမှာ ဇန်နဝါရီ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်က မီးလောင်ခဲ့ပြီး စက်ရုံထဲသိုလှောင်ထားတဲ့ရာဘာပြားတွေကြောင့် မီးအရှိန်များခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ရာဘာအထပ်လိုက်ကြီးတွေ အတွင်းမှာ ကျိတ်လောင်နေတာပါ၊ ကြာဦးမယ်။ ဆီဆိုင်ဘက်ကနေ  မီးမကူးအောင်လို့ ရေကာပြီးထိုးထားတော့  ရာဘာစက်ရုံကို မီးငြှိမ်းဖို့တော့ အားနည်းသွားတာပေါ့။ လောင်လိုက် ငြိမ်းလိုက်ဖြစ်နေတာ” လို့ ပြောပါတယ်။

မီးလောင်နေတဲ့ ရာဘာစက်ရုံဘေးက ဓာတ်ဆီဆိုင်ကို မီးကူးစက်မသွားအောင် အချိန်မီ တားဆီးခဲ့ရပြီး အဲဒီနေ့ ညနေ ၄ နာရီအချိန်ဝန်းကျင်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ‌သိရပါတယ်။

ဇန်နဝါရီ ၁၈ တရက်တည်းမှာပဲ မြိတ်မြို့မှာ မီး ၂ ကြိမ်လောင်ခဲ့ပြီး မနက်ပိုင်းမှာ အလယ်ကျွန်းရပ်ကွက်က နေအိမ်တလုံးနဲ့ အဆောင်တခု မီးလောင်ရာမှာ နေအိမ်အတွင်းက လူသေအလောင်း ၁ လောင်းကိုလည်း တွေ့ရှိခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းဟာလည်း ဇန်နဝါရီ ၁၇ ရက်နေ့၊ ညနေ ၅ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် မီးလောင်ခဲ့ပြီး ၁၈ ရက်နေ့ ညနေပိုင်းအထိ မီးမငြှိမ်းနိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “ရဲစခန်းပတ်လည်မှာ မီးလောင်နေတာ။ မီးလောင်တဲ့နေရာကလည်း သူတို့ ထောင်ထားတဲ့ မိုင်းကွင်းဖြစ်နေတော့ ဘယ်သူမှ ဝင်မငြှိမ်းရဲဘူး” လို့ ပြောပါတယ်။

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဒရုန်းတပ်ဖွဲ့)က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တွေက ပြောပြီး ရဲစခန်းနဲ့ အနီးတဝိုက်မီးလောင်ခဲ့တာပါ။

ဒေသခံနောက်တယောက်က “ရဲစခန်းဝန်းကျင်ကို ဒေသခံတွေမလာရအောင် စစ်တပ်က ပိတ်ထားတာ ကြာပြီ။ သူတို့ပိတ်ထားတော့ ကျနော်တို့မှာလည်း ရာဘာပင် မချက်ရဘူး။ အခု မီးလောင်တဲ့နေရာနဲ့ ရာဘာပင်တွေနဲ့နီးတော့ စိတ်ပူရတယ်” လို့ ပြောပါတယ်။

ပလမြို့ရဲစခန်း ဒရုန်းနဲ့မတိုက်ခိုက်ခံရခင် ဇန်နဝါရီ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်လောက်မှာ ပလမြို့ရဲစခန်းကနေ ဇရပ်ဆိပ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024