တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြီးတဲ့နောက်ပိုင်း စာသင်ကျောင်းတွေ ပိတ်ထားရတယ်လို့ တကူစာသင်ကျောင်းတာဝန်ခံနဲ့ ဒေသခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၃ ရက်မှာ စစ်ကောင်စီဘက်က တကူကျေးရွာကို လေကြောင်းနဲ့ တိုက်ခိုက်ခဲ့ပြီး အရပ်သား ၄ ယောက် ထိခိုက်ကာ တယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တကူစာသင်ကျောင်း တာဝန်ခံက “လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အဓိက သင်ကြားခံကလေးတွေကို မိဘတွေက အလုပ်ခြံထဲ ခေါ်သွားလို့ သင်ကြားတာတွေ ခဏရပ်ထားရတယ်။ ကလေးတွေနဲ့ မိဘတွေက တော်တော်လန့်သွားကြတယ်” လို့ ပြောပါတယ်။
စာသင်နှစ် ပြီးဆုံးတော့မယ့် အချိန်ကာလမှာ စစ်ကောင်စီလေကြောင်းကြောင့် အခုလိုမျိုး ပညာရေးကို ယာယီရပ်နားသွားတဲ့ ကလေးတွေက တကူစာသင်ကျောင်းသားဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စာသင်ကျောင်းတာဝန်ခံက ဆိုပါတယ်။
စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တုန်းက အသုံးပြုသွားတဲ့ ဗုံးသီးတွေဟာ ပေါင် ၃၀၀ ဗုံးသီးတွေ ဖြစ်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ခန့်မှန်းပါတယ်။
တကူစာသင်ကျောင်းဟာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိုးမိုးနယ်မြေမှာ တည်ရှိပြီး ကျောင်းသား/သူ ၄၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာလည်း ကျုံလောင်းရွာဟောင်းဘက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့် မွန်အမျိုးသားစာသင်ကျောင်း ၃ ကျောင်း အပါအဝင် ကျောင်း ၅ ကျောင်း ပိတ်ထားရကြောင်း ဒေသခံတွေထံက သိရပါတယ်။