မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် အယောက် ၇၀ လောက်သေဆုံး၊ ၃၀ ထက်မနည်း ဒဏ်ရာရတယ်လို့ ဒေါနစစ်ကြောင်းက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
စကခ ၁၉ နဲ့ ၄ မိုင်အကွာ ကျုံလောင်းရွာနားမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ မွန်၊ ကရင် တော်လှန်ရေးအင်အားစုတို့ ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ တိုက်ပွဲပြင်းထန်နေပြီး ဇန်နဝါရီ ၁၆ ရက်အထိလည်း တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၇၀ လောက်သေဆုံး၊ ၃၀ ထက်မနည်း ဒဏ်ရာရပြီး တိုက်ပွဲဖြစ်ချိန်မှာ လေကြောင်းကနေ ၃ ကြိမ် ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့ အရေအတွက်နဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။
စကခ ၁၉ လက်အောက်ခံ ခလရ ၃၁၊ ခလရ ၆၁၊ ခလရ ၁၀၆၊ ခမရ ၂၉၉၊ ခမရ ၃၄၃၊ ခမရ ၅၈၆၊ ခမရ ၅၈၇၊ ခမရ ၅၈၃၊ ခမရ ၅၉၁၊ အမတ ၃၁၆ တို့က အင်အားတွေနဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပြီး စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့လည် နေ့တိုင်း ရမ်းသန်းပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က “စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေတဲ့အတွက် ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားပါ။ ပြင်ဆင်ပုံပြင်ဆင်နည်းတွေကို တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ တရားဝင်ကြေညာထားချက်တွေမှာ ကြည့်နိုင်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ နီးစပ်ရာမှာမနေဖို့ သတင်းပါးလိုပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲတွေအတွင်း ဒေါနတပ်ရင်းနဲ့ မွန်၊ ကရင် တော်လှန်ရေးအင်အားစုတွေက ရဲဘော် ၃ ယောက် မစိုးရိမ်ရတဲ့ဒဏ်ရာတွေရပြီး ထိခိုက်ကျဆုံးတာတော့ မရှိဘူးလို့လည်း ထုတ်ပြန်ပါတယ်။