Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် ပြည်သူ အနည်းဆုံး ၁၀ ယောက်သေဆုံး
DVB
·
January 13, 2025

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက်ပိုင်း ၁၀ နာရီခွဲလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးလာကြဲသွားတာဖြစ်ပြီး ဆန်ခါကျေးရွာ စာသင်ကျောင်း၊ မဇွပ်ယန် မနောင်ကွင်းနဲ့ မြဥယျာဉ် ကုမ္ပဏီဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

“ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ စစ်ကောင်စီက လေယာဉ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပစ်ခတ်ခဲ့တဲ့ အခြေအနေမှာ ပြည်သူ ၇ ဦး သေဆုံးပြီးတော့ ဒဏ်ရာရရှိသူ အမြောက်အမြား ရှိခဲ့ပါတယ်။ အဆောက်အဦနဲ့ ကားတွေကအစ ပျက်စီးဆုံးရှုံးမှု အမြောက်အမြား ဖြစ်ခဲ့ပါတယ်။ အသက်လုပြီး ဆေးကုသမှုခံယူနေရသူတွေလည်း ရှိပါတယ်။ ဒီလိုမျိုးလုပ်ရပ်ကို ကျနော်တို့အားလုံးက ရှုတ်ချပါတယ်။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အပေါ်မှာကို အာဏာရှင်စနစ်ကို ချုပ်ငြိမ်း‌အောင်လုပ်ဖို့ ပိုပြီးလိုအပ်လာပါတယ်။”

ရုပ်သံမှတ်တမ်းတွေအရ ကျေးရွာအတွင်းက လမ်းမကြီးတလျှောက်မှာ ဆိုင်ကယ်နဲ့ လမ်းသွားလမ်းလာပြည်သူ အမျိုးသား ၈ ယောက် သေဆုံးနေပြီး နေအိမ်ခြံဝင်းတခု အတွင်းမှာတော့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ သေဆုံးနေတာကို တွေ့ရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ သေဆုံးသူ ၁၀ ယောက်ထက်မနည်းရှိပြီး ဒဏ်ရာရရှိသူ အများအပြားရှိတယ်လို့ ပြောဆိုကြပေမဲ့ အတိအကျ မသိရသေးပါဘူး။

“ဆန်ခါရွာထိပ်၊ မဇွပ်ယန်စာသင်ကျောင်းဘေး ပစ်သွားတယ်။ သေကြတယ်။ နေရာအနှံ့ဆိုတော့ လိုက်နေဆဲ သေလောလောဆယ် ၈ ယောက် သေဆုံး၊ ဒဏ်ရာရအချို့ရှိ။ ကနဦးသတင်းအရ” လို့ ဖားကန့်မြို့ခံက ပြောပါတယ်။

KIO/KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူရဲ့ ပြောပြချက်အရတော့ သေဆုံးသူ ၇ ယောက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

ဗိုလ်မှူးကြီးနော်ဘူက “မနက်က ၁၀ နာရီခွဲဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့လာပြီး ဖားကန့် လုံးခင်းကျေးရွာအုပ်စု ဆန်ခါကျေးရွာမှာ လာပစ်သွားတဲ့ ဖြစ်စဉ်ရှိပါတယ်။ ကျနော်တို့ဆီမှာ ပို့လာတဲ့ သတင်းအရတော့ သေဆုံးသူ ၇ ဦးသေပြီး အယောက် ၂၀ ဝန်းကျင်လောက် ထိခိုက်ဒဏ်ရာရပြီး ဆေးရုံရောက်နေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။

ဒီမနက် ၂ နာရီလောက်ကလည်း ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်မှု ပြုလုပ်သွားတယ်လို့ သိရပေမဲ့ ဘယ်မှာကျရောက်ပေါက်ကွဲတယ် ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ဒေသခံတယောက်က “ဒီ အကြမ်းဖက်စစ်ကောင်စီက ဖားကန့်ဒေသမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲနဲ့ ပြည်သူတွေနေတဲ့ရွာပေါ့ ဆန်ခါနဲ့ မဇွပ်ယန်ရွာကို ဒီမနက် ၁၀ နာရီ မိနစ် ၄၀ မှာ တိုက်လေယာဉ်နဲ့ ဗုံး ၃ ကြိမ် လာကြဲသွားတယ်။ အဲဒီမှာ ဆန်ခါနဲ့ မဇွပ်ယန်ရွာက ပြည်သူတွေ အနည်းဆုံး ၁၀ ယောက်လောက် သေဆုံးမှုရှိတယ်။ ဒဏ်ရာရတာလည်း ရှိတယ်ပေါ့နော၊ ဒီမနက် ၂ နာရီ ၃၅ မှာလည်း ဖားကန့်ဒေသကိုပဲ ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲသွားသေးတယ်။ ဒီနေ့ တရက်တင် ဂျက်ဖိုက်တာနဲ့ ဗုံးနှစ်ခေါက်လာကြဲသွားတာပေါ့နော်” လို့ ပြောပါတယ်။

ဇန်နဝါရီ ၈ ရက် ညကလည်း ဖားကန့်မြို့နယ် KIA တပ်မဟာ ၉ တပ်ရင်း ၆ ပတ်ဝန်းကျင်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးကာ တယောက် ဒဏ်ရာရသွားပါတယ်။

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေ အောက်တိုဘာ ၈ ရက်က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဖားကန့်မြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ မရှိသလောက် ငြိမ်သက်နေခဲ့တာပါ။

စစ်ကောင်စီတပ်တွေကတော့ လတ်တလော ရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်ထဲ လေကြောင်းက ကင်းထောက်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၁ ရက် မနက်ပိုင်းကလည်း ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ၊ တနိုင်းမြို့နယ်၊ စံလွန်ကျေးရွာရှိ လပူခရွှေမှော်ဘက်ကို ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013