ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာနှစ်ရွာကို ဇန်နဝါရီ ၁၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာခံနဲ့ စစ်ဘေးရှောင်တွေ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။
မနက် ၁၁ နာရီခွဲ ဝန်းကျင်မှာ ဟန်ပို့ရွာကို လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံး ၄ လုံးကြဲချခဲ့ပြီး ၁၂ နာရီဝန်းကျင်မှာ ဟန်ဘူးရွာကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတယောက်က “ဟန်ဘူး စာသင်ကျောင်းထဲလည်း တလုံးကျတယ်။ အဲဒါ ကံကောင်းလို့မကွဲဘူး။ စစ်ကောင်စီက နေ့ခင်းဘက်လည်း ကြဲနေတာပဲ။ ပြေးစရာမြေလည်း မရှိတော့ပါဘူး” လို့ ပြောပါတယ်။
နောက်တလုံးက ဟန်ဘူးရွာပြင်မှာကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်တာမရှိပေမယ့် နေအိမ်တချို့တော့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ခုထိတော့ လူထိခိုက်တာမရှိသေးဘူးပြောတယ်။ လူလည်း ပြန်မစုရဲကြသေးဘူး။ ဗုံးလာချချချင်း ရွာကလူအကုန် တောထဲထွက်ပြေးကြ၊ ဗုံးခိုကျင်းထဲ ပုန်းကြတယ်။ ခုဆို ရွာထဲ ရွာသားပြန်မနေရဲကြသေးဘူး။ လေယာဉ်တွေ လာဝဲနေသေးတယ်” လို့ ပြောပါတယ်။
စစ်တပ်ဗုံးလာကြဲတဲ့ ဟန်ပို့ရွာနဲ့ဟန်ဘူးကျေးရွာဟာ စစ်မြေပြင်မဟုတ်သလို တိုက်ပွဲဖြစ်ဖူးတာလည်းမရှိဘဲ စစ်ရှောင်တွေအဓိက နေထိုင်ကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ လူအများအိပ်နေချိန် ထမင်းစားချိန်တွေမှာဖြစ်လို့ ညဘက်မှာလည်း ကောင်းကောင်းမအိပ်ရဲဘဲ ပြည်သူတွေဟာ လေယာဉ်သံကြားတာနဲ့ ကြောက်ရွံ့ထိတ်လန့်နေကြတယ်လို့ သိရပါတယ်
ဖယ်ခုံအနောက်ခြမ်းဒေသမှာ စစ်တပ်လေကြောင်းအန္တရာယ်စိုးရိမ်လို့ စစ်ရှောင်ကလေးငယ်တွေ တက်ရောက်နေတဲ့စာသင်ကျောင်းကိုလည်း မကြာခဏပိတ်ထားရသလို ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး ဇန်နဝါရီလ ပထမအပတ်အတွင်း ဖယ်ခုံမြို့နယ်ထဲက ကျေးရွာတွေထဲကို လေကြောင်းကနေ ဗုံးအလုံး ၅၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံး၊ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။