ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ နွံကန်မှာ ဇန်နဝါရီ ၁၃ ရက် ဒီနေ့မနက်အစောပိုင်းက ပြိုကျခဲ့ပြီး သေဆုံးသူ ၈ ယောက်ထိ ရှိလာကြောင်း ဒေသတွင်း သတင်းအရင်းမြစ်တွေဆီက သိရပါတယ်။
ရတနာအဓိပတိ နွံကန်မှာ ပြိုကျနိုင်ခြေရှိတာကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့မှာ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဘက်က လာရောက်အသိပေးထားပြီး လုပ်ငန်းရပ်ဆိုင်းဖို့ ပြောဆိုထားပြီးနောက် ဒီနေ့မနက်ပိုင်းမှာ ပြိုကျသွားခဲ့ကြောင်း ဒေသတွင်းနေထိုင်သူတယောက်က ပြောပါတယ်။
“မနက်အစောကြီးဆိုတော့ အမျိုးသားတွေက ရေမဆေးထွက်ရှာနေချိန် အမျိုးသမီးနဲ့ ကလေးတွေ ပါသွားတာပေါ့။ လောလောဆယ် အလောင်း ၈ လောင်းတော့ တွေ့ရှိထားတယ်။ ထပ်ပြီးရှိနိုင်သေးတယ်။ အိမ်တွေကတော့ ၅၀ ကျော်လောက် ပါသွားတယ်။”
ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာရှိ ရတနာအဓိပတိ နွံကန်ပြိုကျခဲ့မှုနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေကို DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပေမဲ့ လက်ရှိ နေအိမ် ၅၀ ကျော် ပျက်စီးခဲ့သလို သေဆုံးသူ ၈ ယောက်ထိ ရှိလာကြောင်း ဒေသခံတွေထံက သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့နှစ် မတ် ၁၂ ရက်ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနရွာက ကျောက်စိမ်းလုပ်ကွက်တခုမှာ နွံကန်ပြိုကျမှုကြောင့် တယောက်သေဆုံးခဲ့ကာ ကုမ္ပဏီဝန်ထမ်း ၂၀ ဝန်းကျင် ပျောက်ဆုံးခဲ့ကြောင်း သိရပါတယ်။