ကချင်ပြည်နယ်တွင်းရှိ တရုတ်-မြန်မာ နယ်စပ်ဒေသတွေက စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနီးပါးကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ သိမ်းပိုက်ထားနိုင်ခဲ့ပြီး KIO အနေနဲ့ အဲဒီ သိမ်းပိုက်ထားတဲ့ နယ်မြေဒေသတွေကို အခြေပြုကာ နယ်စပ်ဒေသတည်ငြိမ်ရေးကို အခိုင်အမာ တည်ဆောက် ထားနိုင်ဖို့ မျှော်လင့်ပြီး အစီအစဉ်ချမှတ်နေတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
နှစ်ဟောင်းမှာ ကြုံတွေ့ခဲ့တဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို ဆင်ခြင်သုံးသပ်ပြီး တမျိုးသားလုံးလွတ်မြောက်ရေး လုပ်ငန်းစဉ်မှာ ထိထိရောက်ရောက် အသုံးချနိုင်မယ့် အစီအစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။
“KIO ဌာနချုပ်ကနေ နယ်စပ်ဒေသ တည်ငြိမ်ရေး ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် အစီအစဉ်တွေ ချမှတ်ရေးဆွဲနေပါတယ်။ ဒီအရေးကြီးတဲ့ လုပ်ငန်းစဉ်မှာ ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။”
နယ်မြေဒေသတွေကို ပြန်လည်ထူထောင်ရေး လုပ်တာတွေ၊ ခိုင်မာတဲ့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ လုပ်ငန်းစဉ်တွေ အားလုံးမှာ လူငယ်လူရွယ်တွေ၊ ကျန်းမာသူတွေ၊ ပညာတတ်တွေ မိမိဒေသကို ချစ်မြတ်နိုးတဲ့ ပြည်သူအားလုံး စိုးရိမ်ပူပန်မှုမရှိဘဲ ပါဝင်ကြဖို့လည်း ပြောဆိုထားပါတယ်။
“နေအိမ်၊ စည်းစိမ်ဥစ္စာ ပျက်စီးဆုံးရှုံးသွားတဲ့ ပြည်သူများ ဒါတွေကို ကျနော်တို့အတွက် အရင်းအနှီးကြီးတခု ပေးလိုက်တယ်လို့ စိတ်ထဲမှာမှတ်ယူပြီး ပိုပြီးကောင်းမွန်တဲ့အရာ ဖြစ်လာဖို့အတွက် ကြိုးစားကြရအောင်။”
နှစ်ရှည် အခိုင်အမာ တပ်စခန်းချခဲ့တဲ့ စစ်ကောင်စီတပ်စခန်း အများအပြားကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် ပြန်လည်ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
“စစ်ဆင်ရေးလုပ်ငန်းစဉ်တွေမှာ လက်တွေ့ပါဝင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဂုဏ်ပြု ချီးမွမ်းလိုက်ပါတယ်။ ကဏ္ဍအသီးသီးမှာ ပူးပေါင်းကူညီခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဒါတွေဟာ ကချင်တော်လှန်ရေးသမိုင်းမှာ မေ့ပျောက်လို့မရနိုင်တဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်တယ်။”
စစ်ကောင်စီ အစိုးရအဆက်ဆက်ဟာ တိုင်းရင်းသားလူမျိုးစုတချို့တွေကို အဖွဲ့အစည်းတည်ထောင်၊ လက်နက်တပ်ဆင်ပေးပြီး BGF ပြည်သူ့စစ်ဆိုပြီး နာမည်ပေး သွေးခွဲအုပ်ချုပ်တဲ့ နည်းလမ်းကို အကောင်အထည်ဖော်ခဲ့တယ်လို့ ဆိုပါတယ်။
KIO ဗဟိုကော်မတီကနေ ကချင်လူမျိုးစုတွေထဲက BGF ပြည်သူ့စစ်ဆိုပြီး လက်ခံထားတဲ့ အဖွဲ့တွေဆီကို ရန်သူရဲ့ လက်ပါးစေမလုပ်ဖို့၊ စစ်မှန်တဲ့နည်းလမ်းနဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးမှာ ပါဝင်ရပ်တည်ဖို့နဲ့ ပြည်သူလူထုကို ကာကွယ်မယ့် လုပ်ငန်းတွေမှာ လက်တွဲနိုင်ဖို့ အကြိမ်ကြိမ် ကြိုးစားစည်းရုံးခဲ့ဖူးတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီတပ်ဟာ ရန်လိုစိတ်ထားပြီး စစ်မဖြစ်တဲ့ ဒေသတွေ၊ ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ စစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေအထိ လေယာဉ်နဲ့ ဗုံးကြဲပြီး ကျေနပ်အားရမှု ယူနေတာကို တွေ့မြင်ပြီးသားဖြစ်တာကြောင့် ကိုယ်တိုင်သတိထား ကျော်ဖြတ်နိုင်ဖို့ကိုလည်း မှာကြားပါတယ်။
ကချင်ပြည်နယ်အတွင်းက တရုတ်-မြန်မာ နယ်စပ်တလျှောက်နဲ့ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်တွေ တည်ရှိရာ ကချင်အထူးဒေသ ၁ တခုလုံးကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကချင်နဲ့ ရှမ်းမြောက်က စစ်ကောင်စီရဲ့ တပ်စခန်း ၃၀၀ လောက်ကို သိမ်းပိုက်ထားပါတယ်။