ထိုင်း-မြန်မာ နှစ်နိုင်ငံကြားက နယ်စစ်ဒေသဖြစ်တဲ့ မယ်ဟောင်ဆောင်မှာ ‘၀’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ တော်ဝင်စစ်တပ်တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် အလွန်တင်းမာတဲ့ အခြေအနေကို ရောက်ရှိနေပြီလို့ ထိုင်းသတင်း Khaosod မှာ ရေးသားထားပါတယ်။
လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းစစ်တပ်ဟာ သူတို့ပိုင်တယ်လို့ ပြောထားတဲ့နေရာ ၇ ခုကနေ ‘ဝ’ တပ်ဖွဲ့ကို ဆုတ်ခွာပေးဖို့ ပြောဆိုခဲ့တာကြောင့် ဖြစ်ပါတယ်။
ဒါပေမဲ့ ‘၀’ တပ်ဖွဲ့ကတော့ အဲဒီနေရာတွေကို သူတို့ပိုင်ဆိုင်ကြောင်း ငြင်းဆိုထားပါတယ်။ ဒါကြောင့် ‘ဝ’ တပ်ဖွဲ့က ထိုင်းစစ်တပ်နဲ့ ရင်ဆိုင်ဖို့အတွက် ဟောင်ဝစ်ဇာ လက်နက်ကြီးတွေ နေရာချထားသလို စစ်စခန်းတည်ရှိတဲ့ နေရာတွေကိုလည်း မှတ်သားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒွိုင်းဟွာမာ (Doi Hua Ma) နဲ့ နောင်လူအန်း (Nong Luang) အပါအဝင် နောက်ထပ်နေရာ ၅ ခုက စစ်အခြေစိုက်စခန်းတွေကို ဆုတ်ခွာပေးရေးဆိုတဲ့ ထိုင်းရဲ့ တောင်းဆိုချက်အပေါ်မှာလည်း လက်မခံနိုင်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။
အဲဒီနေရာတွေဟာ ထိုင်းနိုင်ငံရဲ့ ပိုင်နက်ထဲမှာ မပါဘူးဆိုပြီး ‘ဝ’ တပ်ဖွဲ့အနေနဲ့ ဖြည့်စွက်ပြောပါတယ်။ ထိုင်းဘက်ကလည်း ခြေလျင်တပ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ ပြင်ဆင်တဲ့အနေနဲ့ အငြင်းပွားရာ ဧရိယာတွေနားမှာ လက်နက်ကြီးတွေ နေရာချထားကြောင်း သိရပါတယ်။