မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မှာ လုံခြုံရေးတင်းကျပ်နေချိန် မြန်မာနိုင်ငံ မြဝတီဘက်ကနေ သယ်လာတဲ့ စိတ်ကြွဆေးပြား ၉၀၀၀၀ နဲ့ အိုက်စ်မူးယစ်ဆေး တထုပ်ကို တရားခံ မြန်မာအမျိုးသမီး တယောက်နဲ့အတူ ထိုင်းစစ်တပ်က ဖမ်းမိခဲ့တယ်လို့ မဲဆောက်ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ မူးယစ်ဆေးတွေကို မြ၀တီမြို့ကျွန်းတောရပ်ကွက်ဘက်ကနေ ထိုင်းဘက်ကမ်းကို သယ်ဆောင်လာတာဖြစ်ပြီး ထိုင်းစစ်တပ်က လုံခြုံရေး ကင်းလှည့်နေချိန် တွေ့ရှိလို့ စစ်ဆေးတာမှာ အမျိုးသားတယောက်က ထွက်ပြေးသွားပြီး အမျိုးသမီးတယောက်သာ ကျန်ရစ်ခဲ့တာလို့ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက မဲဆောက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
တရားခံအမျိုးသမီးကို ရှာဖွေစစ်ဆေးရာမှာ အိတ်ထဲမှ ပါလာတဲ့ R တံဆိပ် စိတ်ကြွမူးယစ်ဆေးပြား ၉၀၀၀၀ ပြားနဲ့ လက်ဖက်ခြောက်အိတ်ပုံတူ အိုက်စ်မူးယစ်ဆေး ၁ ကီလို တထုပ်ကိုတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမိတဲ့သူနဲ့ ထွက်ပြေးသွားသူတွေရဲ့ မဲဆောက်မြို့ အဝင်အထွက် မှတ်တမ်းကို စစ်ဆေးသွားမှာဖြစ်သလို မူးယစ်ဆေးဝါးလာယူမယ့်ကားရဲ့ နံ့ပတ်နဲ့ ပိုင်ရှင်ကို သိရှိပြီဖြစ်လို့ မကြာခင်မှာ ဖမ်းဆီးနိုင်လိမ့်မယ်လို့ မဲဆောက်မြို့မရဲစခန်း ရဲမှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
မြဝတီ-မဲဆောက်နယ်စပ်မှာ လုံခြုံရေးတင်းကျပ်ဆောင်ရွက်နေပြီး မူးယစ်မှုနဲ့ လူကုန်ကူးမှုတွေ ဖမ်းဆီးတာကို လုံခြုံရေးတပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဒေသကွပ်ကဲရေးဗျူဟာမှူး ဗိုလ်မှူးကြီး နတကောလွဲတစ်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းမိတဲ့ မြန်မာအမျိုးသမီးကိုတော့ ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။
နို၀င်ဘာ ၂၀ ရက်ကလည်း မြ၀တီကနေ ထိုင်းနိုင်ငံ မဲဆောက်ဘက်ကို ကူးလာပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်ကြမယ့် ရွေ့ပြောင်းလုပ်သားတွေရဲ့ အိတ်ထဲကနေ စိတ်ကြွဆေးပြားတွေ ဖမ်းဆီးရမိခဲ့ပါတယ်။