ထိုင်း-မြန်မာနယ်စပ် မြဝတီရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဆီ ရောက်ရှိ လူကုန်ကူးခံရနိုင်တဲ့ တရုတ်ခရီးသွား ၅ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံကို အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတဲ့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည် ၅ ယောက်ဟာ ချွန်းပူးရီးခရိုင် ပတ္တယားကမ်းခြေကို သွားရောက်လည်ပတ်ဖို့ ဖြစ်ပေမဲ့ ကားသမားက သူတို့ကို ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်ဘက်ကို ခေါ်ဆောင်သွားခဲ့တာလို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
နိုဝင်ဘာ ၁၂ ရက်က ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ပရကျူပ် ဝုန်းဆဒ်ဟာ တာ့ခ်ခရိုင် မဲဆောက်မြို့ကို ရောက်ရှိလာပြီး နယ်မြေတွင်း လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေး၊ ရာဇဝတ်မှုများ နှိမ်နင်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးနေစဉ် မဲဆောက်မြို့နယ် ဘန့်ဟွေ့ဟင်ဖွန် စစ်ဆေးရေးဂိတ် တာဝန်ရှိသူတွေက သူတို့ဂိတ်မှာ တရုတ်နိုင်ငံသား ၅ ယောက် လမ်းမှားပြီး ရောက်လာတယ်လို့ လှမ်းပြီး သတင်းပို့တယ်လို့ ဆိုပါတယ်။
မဲဆောက်နဲ့ တာ့ခ်ကြားရှိ အဆိုပါစစ်ဆေးရေးဂိတ်ကနေ အိမ်စီးကားတစီးကို တားဆီးစစ်ဆေးခဲ့ရာ ကားပေါ်မှာ တရုတ်နိုင်ငံသား အမျိုးသားရော အမျိုးသမီးပါ ၅ ယောက် လိုက်ပါလာတယ်၊ အားလုံးက နိုင်ငံကူးလက်မှတ် အထောက်အထားအပြည့်အစုံရှိတယ်၊ ဘာသာပြန်ကနေ မေးမြန်းရာမှာ သူတို့ ၅ ယောက်ဟာ ပတ္တယားကို အလည်သွားဖို့ ကားငှားခဲ့တာလို့ ဆိုပါတယ်။
သူတို့ ရောက်ရှိတဲ့နေရာဟာ ပတ္တယား မဟုတ်ဘဲ အခြားမြို့တမြို့ကို ရောက်ရှိနေကြောင်း သိရတဲ့အခါမှာ အဆိုပါခရီးသွားတွေဟာ ထိတ်လန့်သွားကြပါတယ်။ ရဲတွေက သူတို့ ၅ ယောက်ကို ပတ္တယားကို ရောက်ရှိအောင် ပြန်လည်စီစဉ်ပေးလိုက်ရတယ်၊ ရဲတွေနဲ့သာ မတွေ့ရင် သူတို့ ၅ ယောက်ဟာ မဲဆောက်တဘက်ကမ်း မြဝတီခရိုင်ရှိ ကျားဖြန့်ဂိုဏ်းတွေဆီ ရောက်ရှိသွားနိုင်တယ်၊ ကားသမားကတော့ မဲဆောက်ဘက်ကို ဆက်လက်ထွက်ခွာသွားပြီလို့ တာဝန်ရှိသူက ပြောပါတယ်။
တရုတ်နိုင်ငံသားတွေကို လိုရာခရီးရောက်အောင် မပို့ပေးခဲ့တဲ့ ယာဉ်မောင်းသမားကတော့ ဘယ်သူဘယ်ဝါ၊ ဘယ်လို စစ်ဆေးအရေးယူလိုက်သလဲ ဆိုတာတော့ သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။
ထိုင်းဒုရဲချုပ်ဟာ အစည်းအဝေးပြီးတဲ့အခါမှာ နယ်စပ်လုံခြုံရေးရဲတပ်ဖွဲ့ရှိ လူကုန်ကူးမှုခံရသူများ ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
စခန်းတာဝန်ခံပြောပြချက်အရ ဒီ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၁ ရက်အထိ ထိုင်း-မြန်မာနယ်စပ်မှာ လူကုန်ကူးခံရသူပေါင်း ၁၈၃၅ ယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ကယ်တင်ထားတယ်၊ အဲဒီထဲက ၁၀၁ ဦးမှာ ယူဂန္ဓာ၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
Source: MGROnline