Home
မြန်မာသတင်း
မြန်မာကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ခိုင်းစေခံရသည့် သီရိလင်္ကာနိုင်ငံသား ပိုများလာ
DVB
·
November 13, 2024

မြန်မာကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ သားကောင်အဖြစ် ခိုင်းစေခံရတဲ့ သီရိလင်္ကာ နိုင်ငံသားတွေ ပိုမိုများပြားလာတဲ့အတွက် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်တဲ့အကြောင်း Daily Mirror သတင်းမှာ နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ ဖော်ပြပါတယ်။

ယူအေအီးနိုင်ငံမှာ လက်ရှိ နေထိုင်နေကြတဲ့ သီရိလင်္ကာနိုင်ငံသားတွေဟာ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုစင်တာတွေဆီ အုပ်စုလိုက် ပို့ဆောင်ခံထားရတဲ့အကြောင်း အမျိုးသားလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ (NAHTTF) က ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေကတဆင့် သတင်းအချက်အလက်တွေ လက်ခံရရှိထားကာ သီရိလင်္ကာနိုင်ငံသားအသစ်တွေ စုဆောင်းခံရတဲ့ အရေအတွက် တိုးလာတယ်လို့လည်း ဆိုပါတယ်။

NAHTTF အနေနဲ့ မြန်မာနိုင်ငံက ကျားဖြန့် ဆိုက်ဘာအွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ စုဆောင်းမှုပုံစံအမျိုးမျိုး တိုးလာတာတွေနဲ့ ပတ်သက်ပြီး အကြိမ်ရေများစွာ သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်သလို သိပ်မကြာသေးခင်က စုံစမ်းစစ်ဆေးမှုတွေအရ လူကုန်ကူးသူတွေက နိုင်ငံခြားမှာ လစာမြင့်မားတဲ့ အိုင်တီရာထူးတွေ ရရှိနိုင်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ အိုင်တီပညာရှင်တွေကို ဆွဲဆောင်လာကြတယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါပုဂ္ဂိုလ်တွေကို အလုပ်အင်တာဗျူးတွေအဖြစ် ဒူဘိုင်းလို နေရာတွေဆီ ခေါ်ဆောင်သွားကာ မြန်မာနိုင်ငံက ဆိုက်ဘာလိမ်လည်မှုစင်တာတွေမှာ တရားမဝင်အလုပ်လုပ်ကိုင်ဖို့ အတင်းအကျပ် ဖိအားပေးခံရတာတွေကိုလည်း တွေ့ရှိရသလို အဆိုပါ လိမ်လည်မှုစင်တာတွေမှာ လျှပ်စစ်နဲ့ ရှော့တိုက်တာလို ရက်စက်ကြမ်းကြုတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုတွေကိုတောင် ခံကြရကြောင်း ထပ်မံတွေ့ရှိရတယ်လို့ ဆိုပါတယ်။

NAHTTF က “ဒါတွေဟာ အလွန်အန္တရာယ်များပြီး သီရိလင်္ကာနိုင်ငံခြား အလုပ်အကိုင် ဗျူရိုအက်ဥပဒေကို ချိုးဖောက်တာကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်မှု လမ်းကြောင်းတွေကို မသုံးဖို့ ပြင်းပြင်းထန်ထန် အကြံပြုထားပါတယ်။ အလုပ်ရှာဖွေသူတွေ အနေနဲ့လည်း အလည်အပတ်ဗီဇာနဲ့ တခြားနိုင်ငံတွေဆီ ခရီးသွားတာမျိုးကို ရှောင်ကြဉ်ကြရမယ်” လို့ သတိပေးထားပါတယ်။

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ကာမဲလ် ဂူနာရက်တ်နေးက မြန်မာနိုင်ငံတွင်း ကျားဖြန့်အွန်လိုင်းလိမ်လည် ရာဇဝတ်ဂိုဏ်းမှာ ခိုင်းစေခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်တင်ပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အခုနှစ် ဇူလိုင်လတုန်းက တိုက်တွန်းတောင်းဆိုခဲ့ပါသေးတယ်။

သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန်ဟာ ၄ ကြိမ်မြောက် ဘင်းမ်စတက်အမျိုးသား လုံခြုံရေးဆိုင်ရာအကြီးအကဲများ အစည်းအဝေး ပြင်ပမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်နဲ့  ဇူလိုင် ၂၆ ရက်က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

Daily Mirror သတင်းမှာ အတွင်းဝန်က ကျားဖြန့်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ သီရိလင်္ကာနိုင်ငံသားတွေကို ကယ်ဆယ်ရာမှာ အကူအညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ ဖော်ပြပေမဲ့ စစ်အုပ်စုအဘော်သတင်းစာတွေမှာတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဖော်ပြထားတာတော့ မတွေ့ရပါဘူး။

သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကိုလ်၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့ မြို့တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပနိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013