ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ မိုင်းဟ ပြည်သူ့စစ်တပ်ဖွဲ့ နယ်မြေအတွင်းကို မြန်မာ-တရုတ်နယ်စပ်က အွန်လိုင်းငွေလိမ်(ကျားဖြန့်) လုပ်ငန်းတချို့ ရွှေ့ပြောင်းဖွင့်လှစ်လာတယ်လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေ အခြေစိုက်တည်ရှိတဲ့ မိုင်းရယ်မြို့နယ်မှာ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာယန္တရားတွေပုံမှန်လည်ပတ်နေပြီး ကျားဖြန့်လုပ်ငန်းဟာ ၂၀၂၃ ခုနှစ်က စရောက်ရှိလာတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “တရုတ်နယ်စပ်မှာ ကျားဖြန့်တွေ ဖြိုခွင်းတဲ့အချိန် ဦးလောမား ဦးဆောင်တဲ့ မိုင်းဟ ပြည်သူ့စစ်နယ်မြေထဲကို ကျားဖြန့်တစု ရောက်လာတယ်။ မန်ကြူ ဆိုတဲ့ ရွာကြီးနားမှာ ဖွင့်ထားတယ်။ ကျားဖြန့်က လူအင်အား ၃,၀၀၀ လောက်ရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဟ ပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့တခု ဖြစ်ပြီး လက်ရှိ အဲဒီဒေသမှာ မူးယစ်ဆေးဝါးရောင်းချတဲ့လုပ်ငန်း လုပ်နေတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်ကလည်း “မိုင်းရယ်မြို့နဲ့ ကျားဖြန့်တွေ ဖွင့်တဲ့နေရာက ၂၅ မိုင်လောက်တော့ ဝေးတယ်။ ကျားဖြန့်တွေသုံးဖို့ အင်တာနက်လိုင်းအတွက် MPT နဲ့ ညှိပြီး ကြိုးလိုင်းတွေကို အဲဒီအထိ ဆက်သွယ်ပေးခဲ့တာ ရှိတယ်။ ကျားဖြန့်တွေနားမှာ မူးယစ်ဆေးရောင်းသူတွေတော့ စီးပွားဖြစ်နေတာ မြင်ရတယ်” လို့ ပြောပါတယ်။
အလားတူ မိုင်းရယ်မြို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ စစ်ကောင်စီအုပ်ချုပ်မှုအောက်က တန့်ယန်းမြို့မှာလည်း ကျားဖြန့်နဲ့ လောင်းကစားလုပ်ငန်းတွေ လာရောက် အခြေချ လုပ်ကိုင်တာတွေ များလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ-တရုတ်နယ်စပ် ‘၀’ ပြည် ပန်ဆန်းမှာ ကျားဖြန့်တွေဖမ်းတာကြောင့် အဲဒီကလုပ်ငန်းတွေဟာ ၂၀၂၃ ခုနှစ်ကစပြီး တန့်ယန်းကို ပြောင်းရွှေ့လာကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတယောက်က “ခြံအကျယ်ကြီးတွေကို အုတ်တံတိုင်း အမြင့်ကြီးခတ်ပြီး အထဲမှာ ဝန်းထမ်းပေါင်း ရာနဲ့ချီလုပ်နေကြတယ်။ အပြင်လူပေးမဝင်ဘူး။ ကျားဖြန့်ရုံအကြီးကြီးက ၃ ခုထက်မနည်းရှိတယ်။ အထဲမှာ ဖာခန်းကအစ ကုန်ဖွင့်ထားပေးတယ်” လို့ ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းအပြင် လောင်းကစားလုပ်ငန်းနဲ့ ပြည့်တန်ဆာလုပ်ငန်း၊ ကေတီဗီလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးအမျိုးမျိုးလည်း ပေါများလာတယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယပိုင်းကာလအတွင်း ဇူလိုင် ၁၁ ရက်နေ့မှာ UWSA ‘ဝ’တပ်ဖွဲ့ဟာ ရှမ်းမြောက်က စစ်ရေးပဋိပက္ခတွေ ကူးစက်မလာအောင် ကြိုတင်ကာကွယ်ဖို့ဆိုပြီး တန့်ယန်းမြို့ထဲကို ဝင်ရောက်တပ်စွဲခဲ့ပါသေးပြီး မိုင်းရယ်မြို့မှာလည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) က ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှာ စစ်သည်အင်အား ထောင်ချီနဲ့ ဝင်ရောက်တပ်စွဲခဲ့ပါတယ်။