Home
မြန်မာသတင်း
မြန်မာ အွန်လိုင်းငွေလိမ်ဂိုဏ်းအလုပ်အကိုင် ကင်ညာသံရုံး သတိပေး
DVB
·
October 14, 2024
Photo - Kenya Embassy

မြန်မာနိုင်ငံထဲက အွန်လိုင်းငွေလိမ်ဂိုဏ်း အလုပ်အကိုင်တွေနဲ့ ပတ်သက်ပြီးတော့ ကျွန်ပြု ရောင်းစားခံရတာတွေ၊ တခြားသော တရားမဝင် လုပ်ဆောင်မှုတွေ ရှိနေတာကြောင့် သတိထားကြဖို့နဲ့ မြန်မာကို မသွားကြဖို့ နိုင်ငံသားတွေကို ထိုင်းအခြေစိုက် ကင်ညာသံရုံးက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အင်တာနက်လူမှုကွန်ရက်စာမျက်နှာ X ပေါ်ကတဆင့် မျှဝေထားတဲ့ သံရုံးထုတ်ပြန်ချက်မှာတော့ “ထိုင်းနိုင်ငံမှာရှိတဲ့ ကင်ညာသံရုံးက ကင်ညာနိုင်ငံသားတွေကို မြန်မာနိုင်ငံကို ခရီးသွားခြင်းမပြုဖို့ သတိပေးချက်တွေ အကြိမ်ကြိမ် ထုတ်ပြန်ထားပါတယ်” လို့ ဖော်ပြပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ ပုံမှန်ပုံနှိပ်နဲ့ အီလက်ထရွန်းနစ်မီဒီယာတွေမှာ သတိပေးချက်များစွာ ထုတ်ပြန်ထားပေမဲ့ ကင်ညာလူငယ်တွေဟာ ထိုင်းနိုင်ငံမှာ တကယ်မရှိတဲ့ အလုပ်အကိုင်တွေအတွက် လူစုဆောင်းတဲ့ အေးဂျင့်တွေကို ငွေကြေးအမြောက်အမြား ပေးဆောင်ပြီး မြန်မာနိုင်ငံကို ဆက်လက်သွားရောက်နေကြတယ်လို့ ဆိုပါတယ်။

အခုလတ်တလော ထုတ်ပြန်လာတဲ့ သတိပေးချက်ကတော့ မြန်မာနိုင်ငံထဲက တရုတ်ငွေလိမ်ဂိုဏ်းတွေထဲကို ရောင်းစားခံရပြီး ပိတ်မိနေတာကြောင့် သံရုံးကို အကူအညီတောင်းခံလာတဲ့ ကင်ညာနိုင်ငံသားလူငယ်တွေ များလာတာကြောင့် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်ရာဇ၀တ်ဂိုဏ်းတွေကနေ ကင်ညာနိုင်ငံသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့အခါ ဂိုဏ်းသူဌေးတွေက သူတို့ကို ယွမ် ၄၅,၀၀၀ နဲ့ ဝယ်ထားတာကြောင့် ကင်ညာအစိုးရအနေနဲ့ သူတို့ကို ပြန်လွှတ်ပေးစေလိုတယ်ဆိုရင် ငွေပမာဏ အမေရိကန်ဒေါ်လာ ၁၂,၀၀၀ (ကင်ညာရှီလင် ၁ သန်းခွဲလောက်) နဲ့ ပြန်ရွေးခိုင်းတာဖြစ်တယ်လို့ သံရုံးက ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မှာ ပိတ်မိနေတဲ့ကင်ညာနိုင်ငံသား ၁၀ ယောက် ပြန်လည်လွတ်မြောက်ရေးအတွက် သံရုံးက သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

“(ငွေလိမ်ဂိုဏ်းတွေထဲ) ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေရဲ့ မိဘဆွေမျိုးတော်တော်များများက သူတို့ရဲ့ဆွေမျိုးတွေကို ကယ်ဆယ်ဖို့ သံရုံးကို အကူအညီတောင်းထားပါတယ်။ ဒါပေမဲ့ ကယ်ဆယ်ရေးလုပ်ငန်းမှာ သူတို့တည်ရှိရာနေရာက အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်တာကြောင့် စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ ကင်ညာနိုင်ငံသားတွေ လွတ်မြောက်ဖို့အတွက် မတူညီတဲ့ အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေကြပါတယ်။”

ထိုင်းနိုင်ငံက ခရစ္စပတိုငွေကြေးနဲ့ လူထုဝန်ဆောင်မှုအလုပ် ဆိုတာတွေဟာ တကယ်တမ်းတော့ မြန်မာနိုင်ငံဘက်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေအတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း သံရုံးက ကင်ညာနိုင်ငံသားတွေကို သတိပေးထားပါတယ်။

ဒါ့အပြင် သံရုံးအနေနဲ့ အမျိုးမျိုးသော ငွေလိမ်ဂိုဏ်းတွေ အသီးသီးမှာ အလုပ်လုပ်နေကြတဲ့ ကင်ညာနိုင်ငံသား ၄၅ ဦးရဲ့ စာရင်းကို ရရှိထားပြီး အများစုက ပြန်ပေးငွေပေးပြီး လွတ်မြောက်သွားတာတွေလည်း ရှိသလို တချို့ဒါဇင်ပေါင်းများစွာသော နိုင်ငံသားတွေကတော့ မူးယစ်ဂိုဏ်းကွန်ရက်တွေရဲ့ တစိတ်တပိုင်းဖြစ်လာကာ တခြားသော ကင်ညာလူမျိုးတွေကို ငွေလိမ်ဂိုဏ်းတွေထဲ အခကြေးငွေနဲ့ ပို့ဆောင်ဖို့ အသုံးပြုနေကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

သိပ်မကြာခင်တုန်းကလည်း ကင်ညာနိုင်ငံသားတယောက်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ လူကုန်ကူးသူတွေထဲက တယောက်အဖြစ် ထိုင်းနိုင်ငံထဲမှာ ဖမ်းဆီးခံခဲ့ရသေးတယ်လို့လည်း ပြော ပါတယ်။

ကင်ညာနိုင်ငံသားတွေ မြန်မာနိုင်ငံထဲကို သွင်းရာမှာတော့ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် အသုံးပြုကြပြီး ကင်ညာနိုင်ငံသားတွေဟာ သတိပေးမှုတွေ ရှိနေတဲ့ကြားကပဲ ဆက်လက်ပြီးတော့ ငွေကြေးအမြောက်အမြား ပေးဆောင်ကာ မြန်မာနိုင်ငံထဲကို ရောက်ရှိလာနေကြဆဲ ဖြစ်တယ်လို့လည်း သံရုံးက ပြောပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တခုဖြစ်တဲ့ ISP Myanmar အဖွဲ့က နောက်ဆုံး ထုတ်ပြန်ချက်မှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် တာချီလိတ်၊ ရွှေကုက္ကို၊ မြဝတီ၊ ဖလူး၊ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ဝေါလေ၊ ဘုရားသုံးဆူ၊ ထီးခီး၊ ကော့သောင်း စတဲ့မြို့ တွေမှာ ကျားဖြန့်လုပ်ငန်းပေါင်း ၅၀ နီးပါး လုပ်ကိုင်နေပြီး ဒီလုပ်ငန်းတွေ မြန်မာမှာ အမြစ်ပြတ်မယ့်ပုံ မမြင်ရသေးဘူးလို့ ပြောထားပါတယ်။

ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကနေ တောင်ဘက်ပိုင်း ထိုင်းနယ်စပ်အထိ ကျားဖြန့် နှိမ်နင်းမှုတွေနဲ့ဆက်စပ်ပြီး ထုတ်ပြန်တဲ့ သုတေသနအစီရင်ခံစာထဲမှာ ခုလို ဖော်ပြထားတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် ပြည်ပ နိုင်ငံပေါင်း ၂၅ နိုင်ငံထက်မနည်းက နိုင်ငံခြားသားတွေ ဝင်ရောက်ခဲ့ကြတယ်လို့လည်း ဖော်ပြထားပါတယ်။

မြန်မာကို ဝင်ရောက်တဲ့အခါ တိုက်ရိုက်ဖြစ်စေ၊ ထိုင်း၊ မလေးရှား၊ လာအို၊ ယူအေအီး စတဲ့ ကြားခံ Transit နိုင်ငံတွေကတဆင့် ဖြစ်စေ ဝင်ရောက်ကြတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာထဲမှာတော့ ဒီလုပ်ငန်းတွေမှာ ဆန္ဒအလျောက်မဟုတ်ဘဲ ပါဝင်ကြရသူတွေ ရှိနေပြီး အဲဒီနစ်နာရသူတွေကို လူ့အခွင့်အရေးနဲ့အညီ ကူညီဖို့ တိုက်တွန်းထားပေမဲ့ ဘယ်သူက သားရဲ၊ ဘယ်သူက သားကောင် ဖြစ်တယ်ဆိုတာ ခွဲခြားနိုင်ဖို့ ခက်ခဲတယ်လို့လည်း ISP Myanmar အဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024