ထိုင်းတောင်ပိုင်းမှာ အောက်တိုဘာ ၁၃ ရက်မှ ၁၇ ရက်အတွင်း လျှပ်တပြက် ရေကြီး ရေလျှံတာ၊ တောင်ကျချောင်းရေနဲ့ မြေပြိုမှုတွေ သတိထားဖို့ ထိုင်းတောင်ပိုင်း သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်မှာ အရှေ့နဲ့ အရှေ့တောင်အရပ်က လေပြင်းတွေ တိုက်ခတ်ပြီး ထိုင်းပင်လယ်အော်ထဲ ဝင်ရောက်လာတာကြောင့် လျှပ်တပြက် ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်းနဲ့ ပင်လယ်ရေမြင့်တက်ခြင်းတွေ သတိထားဖို့ ထိုင်းနိုင်ငံ ရေအရင်းအမြစ်ဌာန ကလည်း အလားတူ ထုတ်ပြန်ပါတယ်။
သတိထားရမယ့် ဒေသတွေမှာ ထိုင်းတောင်ပိုင်း ဖစ်ချ်ပူရီ၊ ပရကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ ရနောင်း၊ ဖန်င၊ ဖူးကစ်၊ စူရတ်ဌာနီ၊ ကရပီ၊ နခွန်းဆီထမရတ်၊ တရန်း၊ ဆဒွန်း၊ ဖတ်ထလုန်း၊ ဆုန်ခလာ၊ ပတ်တနီ၊ ယလားနဲ့ နာရာသီဝပ်ခရိုင်တွေလို့ ဆိုပါတယ်။
ဒါ့အပြင် ထိုင်းအလယ်ပိုင်း ကန်ကျနပူရီ အရှေ့တောင်ပိုင်း ချွန်းပူရီ၊ လယောင်းနဲ့ အရှေ့ပိုင်း တလတ်ခရိုင်မှာလည်း မိုးကြီးရေလျှံ သတိထားရမယ့်အထဲ ပါတယ်လို့ ဆိုပါတယ်။
ထိုင်းတောင်ပိုင်း ကရပီနဲ့ ယလားခရိုင်မှာဆိုရင် အောက်တိုဘာ ၁၂ ရက် ညကတည်းက ရေကြီး ရေလျှံနဲ့ တောင်ကျချောင်းရေတွေကြောင့် နေအိမ်တွေ ရေနစ်မြုပ်ပြီး တချို့အိမ်တွေ ရေထဲမျောပါပျက်စီးကာ လူ ၁ ယောက်လည်း သေဆုံးခဲ့တယ်လို့ Amarin ထိုင်းတီဗီသတင်းမှာ ဖော်ပြပါတယ်။
ယလားခရိုင် ပေဒုန်းနဲ့ ထန်းဒိုးမြို့နယ်ထဲမှာ တောင်ပေါ်ကရေတွေ ရုတ်တရက် စီးဆင်းလာတာကြောင့် ဟိုင်းလပ်စ်ကားတစီး ရေနဲ့မျောပါလာတယ်၊ နေအိမ် ၂ လုံးလည်း ရေထဲလုံးဝ မျောပါသွားတယ်၊ နေအိမ်တလုံးက မိသားစုဝင် ၆ ဦးအနက် အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦး ရေစီးနဲ့ မျောပါသွားပြီး နောက်တနေ့မနက်မှာ သူ့အလောင်းကို သစ်ပင်သစ်ကိုင်း အမှိုက်သရိုက်တွေကြား ပြန်တွေ့တယ်၊ မိသားစုဝင် ၃ ဦးကတော့ သစ်ပင်ပေါ်တက်နေလို့ အသက်ဘေးက လွတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရပီခရိုင်ထဲမှာလည်း တောင်ကျချောင်းရေနဲ့ မြေပြိုမှုကြောင့် နေအိမ် ၁၀ လုံးနဲ့ တံတား ၂ စင်း ကျိုးကျပျက်စီးသွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းမှာ အောက်တိုဘာ ၁၄ ရက်ထိ ရေဘေးဒဏ်ခံနေရဆဲဖြစ်တဲ့ ခရိုင်ပေါင်း ၁၁ ခုရှိကြောင်း၊ လမ်းဖွန်း၊ လမ်းပန်း၊ ဗိစနုလုတ်၊ ဆုခုထိုင်း၊ နခွန်းဆဝမ်၊ ချိုင်းနတ်၊ ဆင်းပူးရီး၊ ဆုဖန်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယနဲ့ နခွန်းပထုန်ခရိုင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ကိုးကား - matichon / thansettakij / Amarin TV News