ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်နဲ့ KIO/KIA နှစ်ဖက်စလုံးက ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်က တရားဝင် ဖွင့်လှစ်လိုက်ပြီး ကုန်ကားတွေ စတင်ဝင်ထွက်ခွင့် ရရှိနေပြီလို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။
တရုတ်အစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ခေါင်းဆောင် ဗိုလ်ချုပ်ကြီးအင်ဘန်လကို ဒီဇင်ဘာလဆန်းပိုင်းမှာ ဆွေးနွေးဖို့ တရုတ်နိုင်ငံကို တရားဝင်ဖိတ်ကြားခဲ့တဲ့ အချိန်အတွင်း ဒီဇင်ဘာ ၁၃ ရက်ကတည်းက အတားအဆီးတွေကို တရုတ်နိုင်ငံဘက်ကရော KIA ဘက်ကပါ ဖယ်ရှားခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၁၆ ရက်မှ စတင် ဝင်ထွက်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
နယ်စပ် ကားသမားတယောက်က “လောလောဆယ်တော့ ဖြည်းဖြည်းချင်း လွယ်ဂျယ်မှာရောက်နေတဲ့ ကုန်ကားတွေကို စတင်ဝင်ထွက်ခွင့် ပြုနေတာပါ။ လောလောဆယ်တော့ ကားတန်းစီပြီး စောင့်နေတုန်း” လို့ ပြောပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ လွယ်ဂျယ်ဂိတ်မှာ အရင်က အသုံးပြုခဲ့တဲ့ နိုင်ငံတော်အလံ၊ တံဆိပ်နဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဆိုတဲ့ စာသားအားလုံးကို ဖယ်ရှားထားပြီး KIO တံဆိပ်နဲ့ အလံတွေသာ ထားရှိထားပြီလို့လည်း ဒေသခံတယောက်က ဆိုပါတယ်။
KIA/KPDF ပူးပေါင်းတပ်တွေက ဧပြီလဆန်းပိုင်းမှာ လွယ်ဂျယ်မြို့နဲ့ နယ်စပ်ဂိတ်တွေကို တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။