Home
မြန်မာသတင်း
မိုင်ဂျာယန်နှင့် လွယ်ဂျယ်တွင် ကလေးများအတွက် ကာကွယ်ဆေးများ ပြတ်လပ်နေ
DVB
·
October 20, 2024

ကချင်ပြည်နယ်၊ တရုတ်-မြန်မာနယ်စပ်က ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) က ထိန်းချုပ်ထားတဲ့ မိုင်ဂျာယန်နဲ့ လွယ်ဂျယ်မြို့တို့မှာ ကလေးတွေကို ထိုးပေးလေ့ရှိတဲ့ ကာကွယ်ဆေးတွေ ပြတ်လပ်နေတာကြောင့် ကာကွယ်ဆေးမထိုးရသေးတဲ့ ကလေးအများအပြား ရှိနေပါတယ်။

မွေးကင်းစကလေးတွေနဲ့ အသက် ၁၈ လအောက် ကလေးတွေအတွက် ကာကွယ်ဆေးတွေ ပြတ်နေတာဖြစ်ပြီး မိုးမောက်မြို့နဲ့ မံစီမြို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ကလေးငယ်တွေလည်း ဆေးမထိုးရဘူးလို့ လွယ်ဂျယ်မြို့ခံတွေဆီက သိရပါတယ်။

လွယ်ဂျယ်နဲ့ မိုင်ဂျာယန်ဒေသမှာ ကလေးကာကွယ်ဆေးတွေ ပြတ်လပ်နေတာ ၃ လဝန်းကျင် ရှိနေပြီလို့ မူဆယ်မြို့မှာ ကလေးကာကွယ်ဆေး သွားရောက်ထိုးခဲ့ရတဲ့ မိခင်တယောက်က ပြောပါတယ်။

“ကျမကလေးတောင် အခု ၁ လကျော်လောက်ရှိနေပြီ။ ဒီရက်ပိုင်းပဲ မူဆယ်ကိုသွားပြီး သွားထိုးခဲ့ရတာ၊ ဒီကလေးကို မမွေးခင်လောက်ကနေ မိုင်ဂျာယန်မှာရော၊ လွယ်ဂျယ်မှာရော ကာကွယ်ဆေးတွေ မရှိတော့ဘူးဆိုပြီး ကြားနေတာ။ ကလေးမွေးတဲ့အချိန်ထိလည်း မရသေးတော့ မူဆယ်မှာ သွားထိုးလိုက်တယ်။ အခုလည်း မထိုးရသေးတဲ့သူတွေ အများကြီးပဲ။ စစ်ရှောင်စခန်တွေမှာရော အများကြီး” လို့ပြောပါတယ်။

လွယ်ဂျယ်၊ မိုင်ဂျာယန်ကနေ မူဆယ်မြို့အထိ ကာကွယ်ဆေး သွားရောက်ထိုးနှံဖို့အတွက်လည်း ကုန်စျေးနှုန်းတွေမြင့်မားတာကြောင့် မြန်မာငွေ ၁၀ သိန်း နီးပါးကုန်ကျတယ်လို့လည်း သိရပါတယ်။

မူဆယ်မြို့အထိ ကလေး ကာကွယ်ဆေးသွားထိုးဖို့အတွက် ကုန်ကျစရိတ်များတာကြောင့် ကလေးတော်တော်များများကတော့ ကာကွယ်ဆေးလုံးဝမထိုးကြရပါဘူး။

မိုးမောက်မြို့ကနေ တိမ်းရှောင်လာတဲ့ ကလေးမိခင်တယောက်က “ဒီမှာထိုးဖို့ ဆေးမရှိတာနဲ့ ကာကွယ်ဆေးမထိုးရတာ၊ အခု ကလေးတောင် ၈ လထဲရောက်လာပြီ။ မိုးမောက်မှာလည်း အခြေအနေမကောင်းတော့ မွေးပြီးတာနဲ့ ဒီလွယ်ဂျယ်ကို ပြေးလာတာ။ အဲဒါနဲ့ မိုးမောက်မှာလည်း မထိုးလိုက်ရဘူး၊ မူဆယ်ဘက်သွားထိုးဖို့ကလည်း ပိုက်ဆံအများကြီးကုန်တော့ မတတ်နိုင်ဘူး ဖြစ်နေတယ်” လို့ပြောပါတယ်။

မိုင်ဂျာယန်နဲ့ လွယ်ဂျယ်ဒေသမှာ ကလေးတွေအတွက် ကာကွယ်ဆေးတွေ ပြတ်လပ်နေတာဟာ လမ်းပန်းဆက်သွယ်ရေးအခြေအနေတွေကြောင့် ဖြစ်ပြီး  ဆေးဝါးဝယ်ယူဖို့အတွက် ဘတ်ဂျတ်တွေတော့ ရှိတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ ကျန်းမာရေးဌာနက သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

မွေးကင်းစကလေးငယ်တွေနဲ့ အသက် ၁၈ လအောက် ကလေးငယ်တွေကို မွေးမွေးချင်းနဲ့ ၂ လ၊ ၄ လ၊ ၆ လ၊ ၉ လနဲ့ ၁ နှစ်ခွဲအရွယ်တွေမှာ ပြင်းထန်တီဘီရောဂါ၊ အသည်းရောင် အသားဝါ(ဘီ) ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ အဆုတ်ရောင်ရောဂါ၊ ဝက်သက်ရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင် ကာကွယ်ဆေးတွေ ထိုးပေးလေ့ရှိတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024