Home
နိုင်ငံတကာ
ဂါဇာရှိ ကလေး ၆ သိန်းကျော်ကို ဒုတိယအကြိမ် ပိုလီယိုကာကွယ်ဆေးထိုးမည်
DVB
·
September 20, 2024
Photo-Reuters

ဂါဇာရှိ ကလေးပေါင်း ၆၄၀,၀၀၀ ကို ပိုလီယိုရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးတဲ့ လှုပ်ရှားမှုမှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေဖြစ်တဲ့ အသေးစား အာဟာရတွေကို ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး အာဟာရစစ်ဆေးမှု လုပ်သွားမယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အကြီးတန်းအရာရှိတယောက်က စက်တင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။

ဝက်သက်ကာကွယ်ဆေးထိုးခြင်း အပါအဝင် ကမ်ပိန်းမှာ နောက်ထပ် ကာကွယ်ဆေး ထိုးနိုင်ခြေနဲ့ ပတ်သက်လို့ ဆွေးနွေးနေဆဲဖြစ်ကြောင်း UNICEF ရဲ့ လူသားချင်း စာနာမှုဆိုင်ရာ ဆောင်ရွက်မှုနဲ့ ထောက်ပံ့ရေးလုပ်ငန်းများဆိုင်ရာ ဒုတိယ အမှုဆောင်ဒါရိုက်တာ တက်ဒ်ချိုင်းဘန်က ပြော ပါတယ်။

မနှစ်တုန်းက မွေးဖွားလာပြီး သူတို့ရဲ့ အခြေခံကာကွယ်ဆေး မထိုးရသေးတဲ့ ကလေး ၄၄,၀၀၀ ကျော် ရှိပါတယ်လို့လည်း ဆိုပါတယ်။

“ကလေးတွေအားလုံးကို ပိုလီယိုကာကွယ်ဆေးထိုးရေး လက်လှမ်းမီအောင် လုပ်သလိုမျိုးပဲ သူတို့ရဲ့ အခြေခံကာကွယ်ဆေးတွေနဲ့ သူတို့ရဲ့ အသက်တွေကို ကယ်တင်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရနဲ့ တကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ ဆောင်ရွက်ပေးမှုတွေလည်း လိုအပ်နေပါတယ် လို့ ဂါဇာကမ်းမြောင်၊ အနောက်ဘက်ကမ်းနဲ့ အစ္စရေးတို့ကို သွားရောက်အပြီးမှာ ချိုင်းဘန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

စက်တင်ဘာ ၁ ရက်က စတင်ခဲ့တဲ့ ပထမအကြိမ် ပိုလီယိုကာကွယ်ဆေးထိုးမှုဟာ အသက် ၁၀ နှစ်အောက် ကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း ရည်မှန်းချက်ကို ရောက်ရှိခဲ့ကြောင်း ကုလသမဂ္ဂ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNRWA) ရဲ့ အကြီးအကဲက စက်တင်ဘာ ၁၆ ရက်မှာ ပြော ပါတယ်။

ကာကွယ်ဆေးထိုး လှုပ်ရှားမှုကို အစ္စရေးနဲ့ ပါလက်စတိုင်း စစ်သွေးကြွ ဟားမတ်စ်တွေ အကြား တိုက်ပွဲတွေကို လူသားချင်းစာနာမှုအရ ယာယီအပစ်ရပ်ပေးထားချိန် ၂ ပတ်ကျော်အတွင်း အဆင့်ဆင့် လုပ်ဆောင်ခဲ့ရတာပါ။ ပိုလီယိုကာကွယ်ဆေး ဒုတိယအကျော့ကို ၄ ပတ်အတွင်း ပြုလုပ်ရမှာဖြစ်ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024