Home
နိုင်ငံတကာ
အစ္စရေး ကျူးကျော်မှု ၁ နှစ်အတွင်း အဆုံးသတ်ရန် ကုလညီလာခံ ဆုံးဖြတ်
DVB
·
September 19, 2024
Photo - Reuters

ပါလက်စတိုင်းနယ်မြေတွေမှာ အစ္စရေးရဲ့ တရားမဝင် ကျူးကျော်မှုကို တနှစ်အတွင်း အဆုံးသတ်ဖို့  ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) က  မဲခွဲဆုံးဖြတ်လိုက်ပါတယ်။

အဲဒီအဆိုပြုချက်ကို တင်ပြခဲ့တဲ့ ပါလက်စတိုင်းအဖွဲ့က အမြဲတမ်း စောင့်ကြည့်လေ့လာသူ နိုင်ငံအဖြစ် တက်ရောက်လာခဲ့ပြီး ဒါဟာ “သမိုင်းဝင်” ကြိုးပမ်းမှု ဖြစ်တယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်က မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ထောက်ခံမဲ ၁၂၄ မဲ၊ ကန့်ကွက်မဲ ၁၂ မဲနဲ့ မဲမပေးတဲ့နိုင်ငံ ၄၃ နိုင်ငံ ရှိခဲ့ပါတယ်။

အခုလိုမျိုး သိမ်းပိုက်မှုကြောင့် အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ရတဲ့ ပါလက်စတိုင်းအတွက် ပြင်ဆင်မှုတွေ ပြန်လုပ်ပေးဖို့ UNGA က အစ္စရေးကို တောင်းဆိုခဲ့ပါတယ်။

၂ နိုင်ငံ အတူယှဉ်တွဲနေထိုင်ရေး ဖြေရှင်းနည်းအတိုင်း ဆက်သွားစေချင်တဲ့ အမေရိကန် အပါအဝင် ချက်၊ ဟန်ဂေရီ၊ အာဂျင်တီးနားနဲ့ ပစိဖိတ်ကျွန်းနိုင်ငံငယ် အများအပြားကတော့ ကုလဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြပါတယ်။

ပြင်သစ်၊ ဖင်လန်နဲ့ မက္ကဆီကိုလိုမျိုး အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေက ထောက်ခံမဲ ပေးခဲ့ကြပေမဲ့လည်း ဗြိတိန်၊ ယူကရိန်းနဲ့ ကနေဒါကိုတော့ ကြားနေမဲအဖြစ် တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ဇူလိုင်လမှာလည်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အစ္စရေးရဲ့  ပါလက်စတိုင်း ပိုင်နက်ထဲ အခြေချ တည်ရှိမှုနေဟာ တရားမဝင်တဲ့အတွက် ဒါကို အဆုံးသတ်ရမယ်ဆိုပြီး အမိန့်ချမှတ်ခဲ့ပါတယ်။

ကုလထိပ်တန်းတရားရုံးဟာ ဂါဇာဒေသမှာ လူမျိုးတုံးသတ်ဖြတ်မှု ရပ်တန့်ဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ လုံလုံလောက်လောက် ဝင်ရောက်ခွင့်ပြုဖို့အတွက်ပါ ဆုံးဖြတ်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လက်ရှိအချိန်အထိ ပါလက်စတိုင်း ၄၁,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ဒါ့အပြင် UNGA ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ မဖြစ်မနေဆောင်ရွက်ဖို့ မလိုအပ်တာကြောင့် ပါလက်စတိုင်း အာဏာပိုင်အဖွဲ့ရဲ့ သမ္မတဖြစ်သူ မာမွတ် အဘားစ်က အစ္စရေးကို တကယ်လိုက်နာအောင် ဝိုင်းဝန်းဖိအားပေးကြဖို့ တောင်းဆိုခဲ့ပါတယ်။

၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်တာ စစ်ပွဲအတွင်း ဂါဇာ၊ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်တို့ကို အစ္စရေးက သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ၁၉၈၀ ပြည့်နှစ်မှာတော့ ဂျေရုစလင် တခုလုံးကိုပါ သိမ်းယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အင်အားသုံး သိမ်းယူတာမျိုးကို နိုင်ငံတကာဥပဒေတွေက တားမြစ်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013