Home
နိုင်ငံတကာ
မျောက်ကျောက်ရောဂါ ထိန်းချုပ်နိုင်ရေး ရန်ပုံငွေတိုးမြှင့်ပေးရန် တောင်းဆို
DVB
·
September 13, 2024
Photo-Reuters

မျောက်ကျောက် (Mpox) ရောဂါ  ထိန်းချုပ်တုံ့ပြန်နိုင်ရေးနဲ့ ပတ်သက်ပြီး အာဖရိကသမဂ္ဂ ကျန်းမာရေးအေဂျင်စီရဲ့ အကြီးအကဲဖြစ်သူက အနောက်နိုင်ငံတွေကို ရန်ပုံငွေတိုးမြှင့်ပေးကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ဘေးကနေ သင်ခန်းစာယူဖို့နဲ့ အာဖရိကကို ပစ်ပယ်မထားဖို့အတွက်လည်း တိုက်တွန်းခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အာဖရိကတိုက်အတွက် ရောဂါတုံ့ပြန်ရေး အစီအစဉ်ကို စတင်ခဲ့ပြီးနောက် တပတ်အတွင်း သေဆုံးသူ ၁၀၇ ယောက်နဲ့ ကူးစက်ခံသူ အယောက် ၃,၁၆၀ ထပ်တိုးလာကြောင်း သိရပါတယ်။

အာဖရိက ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန CDC ရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဂျွန်း ကာဆီယာ ကတော့ ဒီအရေအတွက်ဟာ လက်ခံနိုင်စရာမဟုတ်သလို နယ်စပ်ဖြတ်ကျော် စောင့်ကြည့်မှုကိုလည်း ပိုတင်းကျပ်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဖရိကတိုက်ရဲ့ CDC ဌာနက ဒေသတွင်းနိုင်ငံ ၁၄ ခုမှာ Mpox ကူးစက်မှုရှိနေပြီ ဖြစ်တဲ့အတွက် ရောဂါတိုက်ဖျက်ရာမှာ လိုအပ်တဲ့ ဒေါ်လာသန်း ၆၀၀ လျာထားချက်ကို မပြည့်သေးတဲ့အကြောင်း ဖော်ပြထားပါတယ်။

ဒီနှစ် ဇန်နဝါရီလကစပြီး မျောက်ကျောက်ရောဂါကြောင့် အာဖရိကတိုက်မှာ သေဆုံးခဲ့ရသူ ပေါင်း ၇၁၆ ယောက်နဲ့ ကူးစက်မှုပေါင်း ၂၂,၀၀၀ နီးပါးကို တွေ့ရှိခဲ့တယ်လို့ ကွန်ဂိုကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးကိန်းဂဏန်းတွေအရ သိရပါတယ်။

Mpox ဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်တဲ့ ကွန်ဂိုနိုင်ငံအတွက် ဥရောပသမဂ္ဂရဲ့ ကာကွယ်ဆေး ၂၀၀,၀၀၀ နဲ့ အမေရိကန်နိုင်ငံက ၅၀,၀၀၀ နီးပါးကို ပေးပို့ခဲ့ပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရဲ့ ကာကွယ်ဆေး ၃,၀၀၀,၀၀၀ နီးပါးနဲ့အတူ တခြားဥရောပနိုင်ငံတွေကပါ နောက်ထပ်အများအပြား လှူဒါန်းဖို့ရှိတယ်ဆိုပြီး ကတိပြုထားပါတယ်။

အဲဒီကာကွယ်ဆေးတွေ ဘယ်တော့ပို့မလဲဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ကာဆီယာက ထည့်ပြောခဲ့ခြင်းမရှိပါဘူး။

မျောက်ကျောက်ရောဂါဟာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့်ဖြစ်ပြီး ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေကနေ လူတွေဆီကို ကူးစက်နိုင်သလို ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအရလည်း လူအချင်းချင်းကြားမှာ ပျံ့နှံ့နိုင်ပါတယ်။

Mpox ကူးစက်မှုအရ အဖျားတက်တာ၊ ချမ်းတုန်တာနဲ့ ခန္ဓာကိုယ် ကိုက်ခဲတာလိုမျိုး မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေ ပြနိုင်တဲ့အပြင် လက်၊ ရင်ဘတ်၊ မျက်နှာနဲ့ မျိုးပွားအင်္ဂါတွေမှာပါ အနာတွေပေါက်တာမျိုးအထိ ဆိုရွားလာနိုင်ပါတယ်။

လွန်ခဲ့တဲ့ ဩဂုတ်လအတွင်း ကွန်ဂိုနိုင်ငံမှာ Clade 1b မျိုးကွဲသစ် ကူးစက်မှု မြင့်တက်လာတာကြောင့် WHO ဟာ အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေအဖြစ် ​ကြေညာခဲ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013