Home
မြန်မာသတင်း
ထားဝယ်တွင် မျောက်ကျောက်ရောဂါသံသယလူနာတွေ့ရှိ၊ အတည်မပြုနိုင်သေး
DVB
·
September 6, 2024

တနင်္သာရီတိုင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှာ နေထိုင်သူ အသက် ၅၀ ကျော် အမျိုးသမီးတယောက်ကို မျောက်ကျောက်ရောဂါသံသယလူနာအဖြစ် တွေ့ရှိခဲ့တာကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ တင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ပထမအပတ်ထဲမှာ မလေးရှားနိုင်ငံ ပီနန်မြို့ကနေ ပြန်လည်ရောက်ရှိလာတဲ့ အဆိုပါအမျိုးသမီးဟာ ဩဂုတ်လ နောက်ဆုံးအပတ်မှာ ဖျားနာပြီး စက်တင်ဘာ ၂ ရက်မှာတော့ မျောက်ကျောက်ရောဂါ (Mpox) လက္ခဏာနဲ့ ဆင်တူတဲ့ လက္ခဏာတွေ တွေ့ရှိခဲ့ရလို့ ပုဂ္ဂလိကဆေးရုံကနေတဆင့် ထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနကို ပို့ဆောင်ပြီး ကုသနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

ဒါပေမဲ့ မျောက်ကျောက်ရောဂါ ဟုတ်မဟုတ်ကိုတော့ ထားဝယ်မြို့ဆေးရုံကြီးရဲ့ တာဝန်ရှိသူတွေက အတည်ပြုထားတာ မရှိသလို နီးစပ်သူတွေကိုယ်တိုင်က ရေကျောက်လက္ခဏာနဲ့ ဆင်တူတဲ့အတွက် သေချာသိရှိထားတာ မရှိဘူးလို့ ပြောပါတယ်။

နီးစပ်သူ ဒေသခံတယောက်က “အခုက ဆေးရုံတင်ထားတာ ဟုတ်တယ်၊ စောင့်ကြည့်နေတုန်းပဲ။ ရေကျောက်လား မျောက်ကျောက်လား မသိဘူး။ ဘယ်သူကမှလဲ အတည်မပြုပေးသေးဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးပတ်မှာ တနင်္သာရီတိုင်းထဲက မြိတ်၊ ထားဝယ်နဲ့ လောင်းလုံးမြို့တွေက ကလေးနဲ့ လူကြီးတချို့မှာ ရေကျောက်ရောဂါ ဖြစ်ပွားခဲ့တာရှိတယ်လို့ ထားဝယ်ဒေသခံတယောက်က ပြောပါတယ်။

“အခုတလော တနင်္သာရီတိုင်းထဲက မြိတ် ထားဝယ် လောင်းလုံး ဘက်တွေက ရေကျောက်တွေ တော်တော်များများ ဖြစ်နေတာလေ။ ကလေးရော လူကြီးရော ဖြစ်နေတာ။ အဲဒါနဲ့ မှားနေတာလား မသိပါဘူး။ နိုင်ငံခြားက ပြန်လာတယ်ဆိုတော့ မျောက်ကျောက်ဆိုပြီး မှားနေတာထင်တယ်။”

စက်တင်ဘာ ၅ ရက်မှာတော့ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မရမ်းချောင် စစ်ဆေးရေးဂိတ်မှာလည်း ပဲခူးတိုင်း ပြည်မြို့ကလာတဲ့ ခရီးသည်တင်ယာဉ်ပေါ်မှာ မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိခဲ့တာကြောင့် ကျိုက်ထိုပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး စောင့်ကြည့်နေတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါ မျောက်ကျောက်ရောဂါ သံသယလူနာတွေနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၆ ရက် ဒီနေ့အထိ ထုတ်ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။

နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထပ်ပြီးကြေညာလိုက်တဲ့ မျောက်ကျောက် (Mpox) ရောဂါကို ၂၀၂၂ ခုနှစ်ကတည်းက စောင့်ကြပ်ကြည့်ရှုနေခဲ့ပြီး သံသယလူနာတွေရဲ့ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့တာမှာ လက်ရှိအချိန်အထိ အတည်ပြုလူနာ မရှိသေးဘူးလို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ဩဂုတ် ၁၉ ရက်မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013