Home
နိုင်ငံတကာ
မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ကွန်ဂို လက်ခံရရှိ
DVB
·
September 6, 2024
Photo-Reuters

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံဟာ မျောက်ကျောက်ရောဂါ ကာကွယ်ဆေး ပထမအသုတ်ကို စက်တင်ဘာ ၅ ရက်မှာ လက်ခံရရှိခဲ့ပြီး ဒါဟာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာဖို့ ကုလသမဂ္ဂကို တွန်းအားပေးခဲ့တဲ့အထိ ကူးစက်မြန်ခဲ့တဲ့ ရောဂါဖြစ်ပွားမှုကို တားဆီးရေးမှာ အကူအညီ ဖြစ်စေလိမ့်မယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။

ဘာဗာရီးယန်း နော်ဒစ်ဇီဝနည်းပညာ ကုမ္ပဏီက ထုတ်လုပ်ပြီး ဥရောပသမဂ္ဂ (EU) က လှူဒါန်းတဲ့ ဆေးတွေကို သယ်ဆောင်လာတဲ့ လေယာဉ်တစင်းဟာ ဒေသစံတော်ချိန် နေ့လယ် ၁ နာရီမှာ မြို့တော်ကင်ရှာဆာကို ဆိုက်ရောက်လာခဲ့ကြောင်း လေဆိပ်ရှိ ရိုက်တာသတင်းထောက်တွေက ပြောပါတယ်။

အခု ပထမအကြိမ် ပေးပို့မှုဟာ ဆေးပမာဏ ၉၉,၀၀၀ ရှိပြီး စက်တင်ဘာ ၇ ရက်မှာ နောက်ထပ်ပေးပို့မှုမှာ စုစုပေါင်း ဆေးပမာဏ ၂ သိန်းအထိ ရှိလိမ့်မှာဖြစ်ကြောင်း EU ကျန်းမာရေး အရေးပေါ်ပြင်ဆင်မှုနဲ့ တုံ့ပြန်ရေး အာဏာပိုင်အဖွဲ့ (HERA) အကြီးအကဲ လောရန့်ထ် မူရှဲလ်က ပြောပါတယ်။

ယေဘုယျအားဖြင့် ဥရောပဟာ ဒေသတွင်းမှာ အလိုအပ်ဆုံးသော နေရာတိုင်းကို ဆေးပေါင်း ၅၆၆,၀၀၀ ပေးပို့ဖို့ ရည်မှန်းထားကြောင်း မူရှဲလ်က ပြောပါတယ်။

ကွန်ဂိုကျန်းမာရေးဝန်ကြီး ဆယ်မြူယယ် ရိုဂါကမ်ဘာ မူလမ်ဘာက ဒီအသစ်ရောက်ရှိလာတဲ့ ကာကွယ်ဆေးရဲ့ အာနိသင်ကို အမေရိကန်မှာ သက်သေထူပြီးဖြစ်ကြောင်းနဲ့ ကွန်ဂိုရှိ အရွယ်ရောက်ပြီးသူတွေဆီ ဖြန့်ချိမှာဖြစ်ကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ကွန်ဂိုနိုင်ငံဟာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုရဲ့ ဗဟိုချက်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ တခြားနိုင်ငံတွေကိုပါ ပျံ့နှံ့သွားခဲ့ပေမဲ့ အာဖရိကမှာ ကာကွယ်ဆေးတွေ ပြတ်လပ်မှုကြောင့် သေစေတတ်တဲ့ ရောဂါပျံ့နှံ့မှုကို ရပ်တန့်စေဖို့ ကြိုးပမ်းမှုတွေကို အဟန့်အတား ဖြစ်စေခဲ့ပါတယ်။

အခုနှစ်ရဲ့ ပထမ ၈ လ အတွင်း ကွန်ဂိုမှာ မျောက်ကျောက်ရောဂါ သံသယလူနာ ၁၉,၇၁၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနကနေ သိရပါတယ်။ အဲဒီထဲက ၅,၀၄၁ ယောက်ကို အတည်ပြုခဲ့ပြီး ၆၅၅ ယောက် သေဆုံးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013