ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ကီဗူးတောင်ပိုင်းနဲ့ မြောက်ပိုင်းပြည်နယ်တွေရှိ ကာကွယ်ဆေးထိုးထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့အတူ မျောက်ကျောက်ရောဂါ ကာကွယ်ဆေးထိုးတာကို အောက်တိုဘာ ၇ ရက်မှာ တိုးချဲ့လုပ်ဆောင်ခဲ့ပြီး ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဝင်နေရချိန်မှာ ကာကွယ်ဆေးမထိုးရသေးတဲ့ ကူးစက်ခံရနိုင်ခြေရှိတဲ့ အန္တရာယ်ရှိသူ များစွာလည်း ကျန်နေပါသေးတယ်။
ကာကွယ်ဆေးထိုးလှုပ်ရှားမှုကို အောက်တိုဘာ ၅ ရက်က အကန့်အသတ်နဲ့ စတင်ခဲ့တာ ဖြစ်ပြီး ဂိုမာမြို့မှာ အရာရှိအနည်းငယ်ကို ကာကွယ်ဆေး ထိုးပေးခဲ့တာပါ။
ရောဂါနဲ့ ထိတွေ့နိုင်ခြေ မြင့်မားမှုကြောင့် ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေး ဆောင်ရွက်နေတာဖြစ်ပေမဲ့ အများပြည်သူအတွက် ကာကွယ်ဆေးထိုးမယ့်အချိန်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကာကွယ်ဆေးထိုးစင်တာတွေကို ကီဗူးမြောက်ပိုင်းရှိ ဂိုမာမြို့နဲ့ တောင်ပိုင်းရှိ ဘူကာဗူအနီး တို့မှာ တည်ဆောက်ခဲ့တယ်လို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။
မျောက်ကျောက်ဗိုင်းရပ်စ်ဟာ ညီရန်ဂွန်ဂို အပါအဝင် ကွန်ဂိုအရှေ့ပိုင်းဒေသတွေမှာ ပျံ့နှံ့နေပြီး အဲဒီဒေသတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေခံအဆောက်အအုံကိုလည်း တင်းကျပ်ထားပါတယ်။
ကွန်ဂိုနိုင်ငံမှာ ဇန်နဝါရီလကတည်းက မျောက်ကျောက်ရောဂါ သံသယရှိသူနဲ့ အတည်ပြု လူနာပေါင်း ၃၀,၀၀၀ ကျော်ရှိပြီး အခုနှစ်အတွင်း အာဖရိကရဲ့ ရောဂါဖြစ်ပွားမှု ၉၀ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ သိရပါတယ်။
ကာကွယ်ဆေး ၂၆၅,၀၀၀ ရရှိနိုင်ပြီး ဒိထက်ပိုရနိုင်ဖို့လည်း မျှော်မှန်းထားတဲ့ ကျန်းမာရေးအာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးဖို့ ရည်ရွယ်ထားပြီး WHO ဟာ ဩဂုတ်လမှာ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်စရာကိစ္စဖြစ်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ အထောက်အပံ့ပစ္စည်းတွေဟာ တိုင်းပြည်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မလုံလောက်နေကြောင်းလည်း တာဝန်ရှိသူတွေက အသိအမှတ်ပြုထားပါတယ်။
Source-Reuters