ကွန်ဂိုနိုင်ငံမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ အကျဉ်းထောင်ကနေ လူပြည့်သိပ်ကျပ်နေမှုကို ရှင်းလင်းနိုင်ဖို့အတွက် အကျဉ်သား ၁,၆၈၅ ယောက်အထိ ပြန်လွှတ်ပေးခဲ့ကြောင်း သိရပါတယ်။
ကင်ရှာဆာမြို့တော်ရဲ့ မာကာလာအကျဉ်းထောင်က အလွန်နာမကျန်းဖြစ်နေတဲ့ အကျဉ်းသားတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ စလွှတ်ပေးခဲ့တာပါ။
လူဦးရေ ၁၄ သန်းကျော်နဲ့ ကင်ရှာဆာမြို့ဟာ မာကာလာ အပါအဝင် အန်ဒိုလေဆိုတဲ့ လူ ၅၀၀ ဆံ့ စစ်ဘက်အကျဉ်းထောင်နဲ့ စုစုပေါင်း ၂ ခုရှိပါတယ်။
ဒီလအစောပိုင်းတုန်းကလည်း ထောင်ဖောက်ဖို့ကြိုးပမ်းခဲ့ရာမှာ အကျဉ်းသား ၁၂၉ ယောက်အထိ သေဆုံးစေခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း သေဆုံးခဲ့ရသူတွေထဲမှာ တချို့က လုံခြုံရေးအဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဖြစ်သလို တချို့ကိုလည်း လူနင်းခံရမှုကြောင့်ဆိုပြီး ဖော်ပြထားပါတယ်။
၁၉၅၀ ပြည့်လွန်နှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ မာကာလာထောင်မှာတော့ လူ ၁,၅၀၀ သာ လက်ခံနိုင်ပေမဲ့လည်း အကျဉ်းသားဦးရေ ၁၂,၀၀၀ ထက်မနည်းကို ထိန်းသိမ်းထားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ကွန်ဂိုအစိုးရဟာ ထောင်ကျပ်မှုလျှော့ချရေး အစီအစဉ်အတိုင်း အရှိန်မြှင့် ဖော်ဆောင်မယ်လို့ ကတိပြုခဲ့တဲ့အပြင် အထဲကအခြေအနေကိုပါ “တကယ့်ငရဲ” ဆိုပြီး အကျဉ်းသားတွေအနေနဲ့ ပြန်ပြောပြကြပါတယ်။
နောက်ထပ်ရာနဲ့ချီကို ပြန်လွှတ်ပေးဖို့ အမိန့်ပေးပြီးဖြစ်သလို အကျဉ်းသားအသစ် ရွှေ့ပြောင်းတာမျိုးကိုလည်း တရားရေးဝန်ကြီးဖြစ်သူ ကွန်းစတန့် မူတမ်ဘာက တားမြစ်ထားပါတယ်။
ဒါဇင်နဲ့ချီတဲ့ အကျဉ်းသားတွေဟာ အာဟာရချို့တဲ့နေပုံ ရတယ်ဆိုပြီး တရားရေးဝန်ကြီးဌာနရဲ့ ဓာတ်ပုံထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါဟာ ရာဇဝတ်တရားသူကြီးတွေက သံသယရှိသူတွေကို အမိန့်မချရသေးဘဲ ထောင်ထဲပို့ခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး အပြစ်တင်ခဲ့ကြပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ကွန်ဂိုနိုင်ငံရဲ့ အကျဉ်းသား ၆ ရာခိုင်နှုန်းကိုသာ အမှန်တကယ် ပြစ်ဒဏ်ကျခံနေရတယ်လို့ ခန့်မှန်းထားပြီး ကျန်တဲ့သူတွေကတော့ တရားရေးစနစ်ထဲမှာ နှစ်နဲ့ချီအောင် ပိတ်မိနေခဲ့တာ ဖြစ်ပါတယ်။
Source-Reuters