Home
နိုင်ငံတကာ
အာဏာသိမ်းမှုမှာ ပါဝင်ခဲ့သည့် အမေရိကန် နိုင်ငံသား ၃ ဦး ကွန်ဂို၌ သေဒဏ်ပေးခံရ
DVB
·
September 14, 2024
Photo -REUTERS

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မေလတုန်းက မအောင်မြင်လိုက်တဲ့ အာဏာသိမ်းမှုမှာ ပါဝင်ပတ်သက်မှုနဲ့ တရားခံ ၃၇ ဦးကို စက်တင်ဘာ ၁၃ ရက်မှာ ကင်ရှာဆာမြို့ ဆင်ခြေဖုံးရှိ အင်ဒူလူစစ်အကျဉ်းထောင်ဝင်းထဲရှိ စစ်တရားရုံးကနေ သေဒဏ်ချမှတ်ခဲ့ပြီး အဲဒီအထဲမှာ အမေရိကန်နိုင်ငံသား ၃ ဦး ပါဝင်ပါတယ်။ 

တရားခွင်ရှိ အမေရိကန်တွေထဲမှာ ကွယ်လွန်သူ အမေရိကန်အခြေစိုက် ကွန်ဂို နိုင်ငံရေးသမား ခရစ္စတီယန် မာလန်ဂါရဲ့ သားဖြစ်သူ မာဆယ်မလန်ဂါ၊ သူနဲ့အတူ အထက်တန်းကျောင်း ဘောလုံးကစားဖော် တိုင်လာ သွမ်ပ်ဆင်နဲ့ ခရစ္စတီယန် မာလန်ဂါ ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် ဘန်ဂျမင် ဇာလ်မန်-ပိုလွန် တို့ ဖြစ်ကြပါတယ်။ 

သူတို့ ၃ ဦးကို ရာဇ၀တ်ဆိုင်ရာ ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်မှုနဲ့ တခြားစွဲချက်တွေအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး သေဒဏ်ချမှတ်လိုက်ကြောင်း ရုပ်မြင်သံကြား တိုက်ရိုက် လွှင့်ထုတ်ချက်မှာ ဖတ်ကြားသွားပါတယ်။ 

တရားရေးဌာန အဆောက်အအုံ တဲတလုံးအောက်မှာ တရားသူကြီးက သူ့ရှေ့မှောက်ရှိ အပြာနဲ့အဝါ အကျဉ်းထောင် ဝတ်စုံကို ဝတ်ထားကြတဲ့ တရားခံတွေကို စီရင်ချက် ဖတ်ကြားသွားတာ ဖြစ်ပါတယ်။ 

“မာဆယ်မာလန်ဂါ အမှုမှာ ရာဇ၀တ်ပူးပေါင်းကြံစည်မှုအတွက် သေဒဏ်၊ အကြမ်းဖက်ဝါဒအတွက် သေဒဏ်၊ ချေမှုန်းမှုအတွက် သေဒဏ်နဲ့ လက်နက် သို့မဟုတ် စစ်လက်နက်များ တရားမဝင် လက်ဝယ် ထားရှိမှုအတွက် ပင်မပြစ်မှုဆိုင်ရာ ပြစ်မှုအရ ထောင်ဒဏ် အနှစ် ၂၀ ကျခံရမှာဖြစ်တယ်” လို့ ကင်ရှာဆာ စစ်ခုံရုံးရဲ့ ဥက္ကဋ္ဌ ဗိုလ်မှူး ဖှရက်ဒီ အီဝူမဲ က အမိန့်ကြေညာခဲ့ပါတယ်။ 

မာဆယ်မလန်ဂါရဲ့ ရှေ့နေဖြစ်သူ ဆီလ်ဗာ အမ်ဘီယာကီ ကတော့ ဒီသေဒဏ်ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။  

“တရားရုံးဟာ တရားလိုရှေ့နေက တင်ပြချက်ထက် ဘာမှပိုမစဉ်းစားပဲ၊ တရားခံဖက်မှ တင်သွင်းတဲ့ အချက်တွေ အထူးသဖြင့် အထူးသဖြင့် ခုခံနိုင်စွမ်းမရှိတဲ့ ဖိနှိပ်မှုတွေနဲ့ လျော့ပါးသက်သာစေတဲ့ အခြေအနေ အမျိုးမျိုးကိုလည်း ထည့်သွင်း စဉ်းစားခြင်း မရှိဘူး” လို့ ပြောပါတယ်။ 

အထူးသဖြင့် သူတို့ဟာ ပထမအကြိမ် ကျူးလွန်သူတွေဖြစ်ပြီး အရင်က တကြိမ်တခါမှ ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း၊ ပြစ်ဒဏ်ချမှတ်ခံရခြင်းတောင် မရှိခဲ့ဖူးတဲ့ အခြေအနေတွေကို တရားရုံးက ထည့်စဉ်းစားပေးရမှာဖြစ်တယ် လို့ ဆိုပါတယ်။ 

မေ ၁၉ ရက်က မြို့တော် ကင်ရှာဆာမှာ သမ္မတရုံးခန်းကို လက်နက်ကိုင်တွေက ခေတ္တခန သိမ်းပိုက်ခဲ့ပြီးနောက် သိပ်မကြာခင်မှာ သူတို့ရဲ့ခေါင်းဆောင် အမေရိကန်အခြေစိုက် ကွန်ဂို နိုင်ငံရေးသမား ခရစ္စတီယန် မာလန်ဂါကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။

မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဘယ်လ်ဂျီယံနှင့် ကွန်ဂိုနိုင်ငံ သားများအပါအဝင် လူ ၅၀ လောက် တရားရင်ဆိုင်နေရတာဖြစ်ပြီး အဲဒီထဲမှာ စုစုပေါင်းတရားခံ ၃၇ ဦးကို သေဒဏ်ချမှတ်ခဲ့ပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013