ကွန်ဂိုနိုင်ငံ ကီဗူးရေကန်မှာ လှေတိမ်းမှောက်မှုဖြစ်ပွားအပြီး လူအယောက် ၄၀ ကို ကယ်တင်နိုင်ခဲ့ပြီးတော့ အလောင်း ၇၈ လောင်းကို ပြန်ဆယ်ယူရရှိထားတယ်လို့ ခရိုင်အကြီးအမှူးက အောက်တိုဘာ ၃ ရက်မှာ ပြောပါတယ်။
လှေရဲ့ အသေးစိတ် အထောက်အထားတွေအရ လှေပေါ်မှာ လူပေါင်း ၂၇၈ ယောက် လိုက်ပါလာခဲ့ကြောင်း တောင်ပိုင်း ကီဗူး အုပ်ချုပ်ရေးမှူး ယွန်းန်ယက်ခ် ပျူရီက ရိုက်တာကို ပြောပါတယ်။ သေဆုံးသူစာရင်း အတိအကျကို ရက်အတော်ကြာ သိရဦးမှာ မဟုတ်သေးဘူး လို့လည်း သူကဆိုပါတယ်။
လှေမောင်းနှင်နေချိန်မှာ လေတိုက်ခတ်မှု ညင်သာနေပြီး လှိုင်းငယ်တွေလောက်သာ ရှိတာပေမဲ့ လှိုင်းလုံးကြီးတလုံး လာရိုက်ခတ်လိုက်ချိန်မှာ လှေမှောက်သွားတာဖြစ်ကြောင်း လှေမတော်တဆမှုမှ အသက်ရှင်ကျန်ရစ်သူတွေက ပြောပါတယ်။
လှေပေါ်က လူအယောက် ၃၀၀ လောက် ရေနစ်ကုန်ပြီး ကုန်ပစ္စည်းတွေ၊ ငွေကြေးတွေ အားလုံး ဆုံးရှုံးကုန်ရပြီလို့လည်း ဆိုပါတယ်။
ဒေသခံတွေကတော့ လှေတိမ်းမှောက်မှုဟာ အစိုးရကြောင့်၊ စစ်ပွဲရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့်လို့ ပြောပါတယ်။
မော်တော်ကားလမ်းကို အသုံးမပြုနိုင်ဘဲ လှေနဲ့သွားလာရတာကြောင့် ဒီလိုကပ်ဆိုးမျိုး ကြုံရတာဖြစ်ပြီး အစိုးရဟာ ရန်သူတွေကို လမ်းမပေါ်ကနေ ရှင်းပစ်ဖို့တော့ မကြိုးပမ်းဘဲ ဒီတိုင်း ပြန်သုံးခိုင်းနေတာကြောင့် ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။
လှေမတော်တဆမှုမှာ မိသားစု ၃ ယောက် ဆုံးရှုံးခဲ့ရတဲ့ ဂိုမာမြို့ခံ မူရှာဂူလွာ ဘီယန်ဖေ့တ်က ဒီဖြစ်ရပ်ဟာ စစ်ပွဲကြောင့် ဖြစ်ခဲ့ရတာလို့ ပြောဆိုလိုက်ပြီး အစိုးရက ဟန်ဆောင်တာကို ရပ်သင့်ကြောင်းနဲ့ တာဝန်ယူ မရှင်းလင်းနိုင်ရင် နုတ်ထွက်သင့်တယ်လို့လည်း ပြောသွားပါတယ်။
ဖြစ်ပျက်ခဲ့သမျှဟာ အစိုးရရဲ့အမှားဖြစ်ပြီး လှေ ၂ စီး ထွက်ရမှာကို လှေ ၁ စီးပဲ ထွက်ရမှာကြောင့် ပုံမှန်ဝန်ကို ၂ ဆ တိုးသွားတာကြောင့် ခုလို လှေမှောက်ရတာလို့ နောက်ထပ် ဂိုမာမြို့ခံ ဆန်တို့စ် ဘူလန်ဂါလိုင်းက ပြောပါတယ်။
လှေနဲ့ခရီးသွားရတာမှာလည်း လှေတွေမှာ ဝန်ပိနေတာကြောင့် အစိုးရက ကားလမ်းပြန်ဖွင့်နိုင်အောင် အစွမ်းကုန်လုပ်ပေးဖို့လိုပြီး ဂိုမာနဲ့ မီနိုဗာအကြား လမ်းမရှိတော့တာကြောင့် လူပေါင်းများစွာ ဒုက္ခရောက်နေကြတယ်လို့လည်း ဆိုပါတယ်။
Source-Reuters