Home
မြန်မာသတင်း
ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာကို စစ်တပ်က မီးရှို့၊ ရေစကြိုတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံး
DVB
·
January 17, 2025
Photo-ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး
Photo-ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး
Photo-ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး
Photo-ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အင်တိုင်းကြီးအုပ်စု၊ ရွှေကူတဲစုကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၇ ရက် မနက် ၅ နာရီက လာရောက်မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “မနက်ခင်းအစောကြီးကို လာရှို့တာဗျ။ ရွာသားတွေကတော့ အကုန်ထွက်ပြေးရတယ်။ သူတို့ ရွာကိုမီးရှို့ပြီးတော့ မနက်ခင်း ၇ နာရီမှာ ရွာကနေ ပြန်ထွက်သွားကြတယ်။ အခုအကြိမ် မီးရှို့သွားတာက လူနေအိမ် ၁၃ လုံး မီးလောင်သွားတယ်။ ၁၀ လုံးကတော့ ပြာကျတယ်ဗျ။ ၃ လုံးကတော့ မီးစွဲတဲ့အချိန်ကို အချိန်မီ မီးငြှိမ်းသတ်နိုင်ခဲ့တယ်” လို့ ပြောပါတယ်။

ရွှေကူတဲစုကျေးရွာကို စစ်တပ်က ဝင်ရောက်မီးရှို့တာဟာ အခုအကြိမ်နဲ့ဆိုရင် ၄ ကြိမ်အထိ ရှိနေပြီလို့လည်း သိရပါတယ်။

ဒေသခံ ပအဖအဖွဲ့ဝင်တယောက်က “ပထမအကြိမ်က ပျဉ်ထောင်ပျူရွာက လာရှို့သွားတာက ၉ လုံး၊ ဒုတိယအကြိမ် ရှို့သွားတာက ၁၇ လုံး၊ တတိယအကြိမ် ရှို့သွားတာက ၃၀၊ အခုရှို့သွားတာက ၁၃ လုံးပေါ့ဗျာ။ ကျနော်တို့ရွာက ပျဉ်ထောင်ရွာနဲ့ဆိုရင် မီတာ ၁,၅၀၀ လောက်ပဲ ဝေးတာဗျ။ တော်လှန်ရေးအဖွဲ့တွေက သူတို့ရွာကို လာပစ်ကြတိုင်း ကျနော်တို့ရွာကို လာလာပြီးမီးရှို့တာ” လို့ ပြောပါတယ်။

ရွှေကူတဲစုကျေးရွာဟာ အိမ်ခြေ ၄၁၉ လုံးရှိပြီး စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ အကြိမ်ကြိမ် မီးရှို့ခံရတာကြောင့် ဒေသခံပြည်သူတချို့ဟာ နေရပ်ပြောင်းရွှေ့သွားတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

မကွေးတိုင်း၊ ရေစကြိုနယ်ထဲက သာဂေါင်ကျေးရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၁၅ ရက် ည ၁ နာရီဝန်းကျင်မှာ လေကြောင်းတိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ သေဆုံးကာ လူနေအိမ်တွေလည်း ပျက်စီးသွားသလို အိမ်မွေးတိရစ္ဆာန်တွေ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရေစကြို သတင်းအချက်အလက်ကော်မတီဝင်တယောက်က “ရေစကြိုမြို့နယ်ထဲက ရေလယ်ကျွန်းဒေသ မြောက်ဖျားပိုင်းမှာရှိတဲ့ သာဂေါင်ရွာထဲကို စစ်ကောင်စီက လေ​ယာဥ်နဲ့ ဗုံး ၂ ကြိမ် ကြဲသွားတာပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သာဂေါင်ကျေးရွာက အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်နဲ့ အသက် ၁၆ နှစ်အရွယ် ကိုထွန်းလင်းကျော်တို့ သေဆုံးခဲ့ကြသလို ၃ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြတယ်လို့ ဆိုပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ခံက “ဂျက်ဖိုက်တာနဲ့ လာကြဲသွားတာပါ။ ၂ ခါကြဲ ၃ လုံးပါဗျ။ ပေါင် ၂၅၀ ဒါမှမဟုတ် ပေါင် ၃၀၀ တွေ ဖြစ်မယ်။ ပေါင် ၅၀၀ တော့ မဟုတ်ဘူးဗျ။ တိုက်ပွဲဖြစ်တာမရှိဘဲ အကြောင်းမဲ့သက်သက်ကြီး လာကြဲသွားတာပါ။ သာဂေါင်ရွာတင် မဟုတ်ပါဘူး။ အဲဒီရွာနဲ့ကပ်နေတဲ့ ဇရပ်ရွာမှာလည်း ပျက်စီးမှုတချို့ ရှိခဲ့ပါတယ်။ မီးကြိုးတွေပြတ်ကျတာတွေ၊ နွားတကောင်နဲ့ ဝက်တကောင် သေဆုံးတာတွေ ဖြစ်ခဲ့ပါတယ်။ သေဆုံးသွားကြသူတွေရဲ့ နာရေးကိုလည်း ကျနော်တို့ရဲဘော်တွေ ကူညီဆောင်ရွက်ပေးခဲ့ကြပါသေးတယ်” လို့ DVB ကို ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၉ ရက်ကလည်း ရေလယ်ကျွန်းဒေသက ကျေးရွာ ၅ ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြလို့ လူနေအိမ် ၄၀ ကျော် မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013