Home
မြန်မာသတင်း
စစ်တွေမြို့နယ်တွင်  စစ်ကောင်စီလေကြောင်းတိုက်ခိုက်
DVB
·
January 17, 2025

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းက စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်း ၃ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတကြိမ် ပြုလုပ်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်အစပ်ရှိ ကျေးရွာတွေကိုလည်း အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ပစ်ခတ်မှုရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က  ပြောပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ စစ်တွေမြို့နယ် ဝါဘိုကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တကြိမ်ပြုလုပ်ခဲ့တယ်။ ရွာသားတွေက ၂၀၂၄ ကတည်းက စစ်ရှောင်နေကြတာကြောင့် အထိအခိုက်မရှိကြဘူး။ သူတို့က AA တပ်ဖွဲ့ဝင်တွေရှိတယ်အထင်နဲ့ လေကြောင်းတိုက်ခိုက်တာ။ စစ်တွေအခြေစိုက် အမှတ် (၁၂) ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ပုဏ္ဏားကျွန်းနဲ့ စစ်တွေ အစပ်က ကျေးရွာတွေကို ဆက်တိုက်ပစ်ခတ်နေတာတွေ ရှိတယ်။ တိုက်ပွဲကတော့ အကြီးအကျယ်ဖြစ်တာ မရှိကြဘူး။ စစ်ကောင်စီက ကြောက်ပြီး လက်ဦးမှုယူတဲ့ သဘောနဲ့ ပစ်နေတာ။”

စစ်တွေမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီအကြား ဒီဇင်ဘာလကတည်းက နှစ်ဖက် စစ်ရေးတင်းမာနေကြတာဖြစ်ပြီး လက်ရှိမှာ နှစ်ဖက်စစ်ဆိုင်ထားတဲ့ အခြေအနေမှာရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက စစ်တွေမြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေသလို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်လာနေတာကြောင့် မြို့တွင်းမှာလည်း စိုးရိမ်မှုတွေ မြင့်တက်နေကြတယ်လို့ စစ်တွေမြို့ခံအမျိုးသားတယောက်က ပြောပါတယ်။

“စစ်တွေမြို့နယ်မှာ လေကြောင်းတိုက်ခိုက်မှုက နှစ်ကြိမ်အထိ ရှိလာပြီ။ ရဲတပ်ရင်းကလည်း လက်နက်ကြီးတွေ၊ အတွဲလိုက်ဒုံးတွေနဲ့ ဆက်တိုက်ပစ်နေတာကြောင်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်လာမှာကို မြို့ခံတွေက စိုးရိမ်မှုရှိနေကြတယ်။ စစ်ကောင်စီက မြို့တွင်းမှာလည်း လုံခြုံရေး တင်းကျပ်ထားတာတွေရှိတယ်။”

ဒီဇင်ဘာ ၂၃ ရက်ကလည်း စစ်တွေမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေရှိခဲ့ပြီး နှစ်ဖက်အလှန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေလည်း ရှိကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ရခိုင်တိုက်ပွဲတနှစ်ကျော်ကာလမှာ အာရက္ခတပ်တော်က မြို့နယ် ၁၅ ခုသိမ်းပိုက်ထားပြီး ပြည်နယ်မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ် ၃ ခုကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တာဖြစ်ပြီး စစ်တွေနဲ့ ကျောက်ဖြူမှာ နှစ်ဖက်စစ်ရေးတင်းမာနေကြတာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမှာ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင်း ဒေသခံတွေဟာ အရေးပေါ်စစ်ရှောင်နေမှုတွေလည်း ရှိကြတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013