ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ စစ်ကောင်စီတပ်က ရခိုင်တိုင်းရင်းသား ၁၁ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဟိုင်းကြီးကျွန်းမြို့မှာ အခြေချနေထိုင်တဲ့ ရခိုင်တိုင်းရင်းသားတွေထဲက အမျိုးသား ၁၁ ယောက်ကို အာရက္ခတပ်တော် (AA) နဲ့ ဆက်သွယ်မှုရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇန်ဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “AA နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး စကစတပ်က ဖမ်းတာ။ ဟိုင်းကြီးကျွန်းမှာ အခြေချနေတဲ့ ရခိုင်တိုင်းရင်းသားတွေပါ။ အဲ့ဘက်မှာ ရခိုင်တိုင်းရင်းသားတွေ ရှိတယ်လေ။ အားလုံး ၁၁ ယောက် အဖမ်းခံခဲ့ရတာ” လို့ ပြောပါတယ်။
အဖမ်းခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသား ၁၁ ယောက်ဟာ ဇီးချိုင့်ကျေးရွာ၊ ကံချိုင့်ကျေးရွာနဲ့ ငါးပြေမကျေးရွာတွေကဖြစ်ပြီး စစ်ကောင်စီတပ်က ဆက်လက်ဖမ်းဆီးလာနိုင်လို့ တိုင်းရင်းသားတွေ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “တိုင်းရင်းသားတွေ ဖမ်းခံရတာ ဟုတ်ပါတယ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီရေတပ်က ဖမ်းတာလို့ သိရတယ်။ ရေတပ်ထဲမှာလား၊ ဘယ်မှာဖမ်းဆီးထားတယ် ဆိုတာတော့ မသိသေးဘူး” လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ရေလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ပြီး စစ်ကောင်စီတပ်က လာဖမ်းတဲ့အချိန်ကတည်းက ရိုက်နှက်၊ ခြေထောက်နဲ့ကန်ပြီး ဖမ်းခေါ်သွားတာလို့ မျက်မြင်တွေ့ရှိတဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
၂၀၂၄ ခုနှစ် စက်တင်ဘာလကလည်း ဟိုင်းကြီးကျွန်းမြို့မှာ ရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင် တိုင်းရင်းသား ၂ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ဒီနေ့အထိ ပြန်လွှတ်မပေးသေးပါဘူး။