မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရဲဘော်ကုန်းရပ်ကွက် အောက်လမ်းမကြီးမှာ ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၁ နာရီလောက်က SONY လျှပ်စစ်ပစ္စည်းအရောင်းဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။
မီးလောင်မှုဖြစ်ပွားချိန် ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်တာ၊ မီးသတ်ကား ၁၀ စီးနဲ့ မီးငြှိမ်းသတ်နိုင်ခဲ့တာကြောင့် လျှပ်စစ်ပစ္စည်းဆိုင်တဆိုင်တည်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။
ရပ်ကွက်နေပြည်သူတယောက်က “မီးစတင်လောင်တဲ့အချိန်က နေ့လယ် ၁ နာရီကျော်လောက်က။ မြို့ထဲက မီးသတ်ကားတွေကော ရပ်ကွက်တွေကပါ အချိန်မီရောက်လာလို့ မီးထိန်းနိုင်ခဲ့တာ။ အားလုံး မီးသတ်ကား ၁၀ စီးနဲ့ ငြှိမ်းသတ်ကြတာ။ ဘေးမှာကလည်း အထည်ဆိုင်တွေရှိတော့ စိုးရိမ်နေကြရတယ်” လို့ DVB ကို ပြောပါတယ်။
မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့ SONY လျှပ်စစ်ပစ္စည်းဆိုင်ပိုင်ရှင်ကို မီးပေါ့ဆမှုနဲ့ အရေးယူထားပါတယ်။