Home
မြန်မာသတင်း
ပဲခူးတွင် ဝါယာရှော့ဖြစ် မီးလောင်ပြီး အိမ် ၂ လုံး ဆုံးရှုံး
DVB
·
January 14, 2025
Photo-လူမှုကူညီရေးအသင်းများ

ပဲခူတိုင်း၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ ၅ လမ်းမှာ ဇန်နဝါရီ ၁၄ ရက် မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၄၀ လောက်က ဝါယာရှော့ဖြစ်ပြီး လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ပဲခူးမြို့နယ် မီးသတ်ဌာနကနေ သိရပါတယ်။

မီးလောင်မှုဟာ နေအိမ်အတွင်း အသုံးပြုနေတဲ့ ရေ‌ခဲသေတ္တာရဲ့ ၁၁၀ ဗို့ မိန်းထုပ်ကနေ အပူလွန်ကဲ ဝါယာရှော့ဖြစ်ပြီး ဘေးအကာနဲ့ ကြမ်းခင်းတွေကို ကူးစက်လောင်ကျွမ်းခဲ့တာပါ။

မီးလောင်မှုကြောင့် ပေ ၂၀ ပတ်လည် သွပ်မိုးထရံကာ ပျဉ်ခင်း ၂ ထပ်အိမ် ၁ လုံးနဲ့ ၁၅ ပေ × ပေ ၂၀ အကျယ်ရှိ ပျဉ်ထောင်အိမ် ၁ လုံး ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဘူး။

မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တယောက်က “တခြံထဲမှာ အိမ် ၂ လုံး ရှေ့နောက်ဆောက်ထားတာ။ သူတို့အိမ်က ရေခဲသေတ္တာက 110 (ဝမ်းတန်း) မိန်းထုပ်နဲ့ အသုံးပြုထားတော့ အဲ့ကနေ ဝါယာကြိုးတွေက အပူလွန်ကဲပြီး ကြမ်းခင်း၊ အကာတွေပါ ကူးကုန်တာ။ ၂ ထပ်အိမ် ၂ လုံး ပျက်စီးသွားပါတယ်” လို့ ပြောပါတယ်။

မီးလောင်မှုနေရာကို ပဲခူးမြို့နယ်မီးသတ်ဌာနက မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ ခရိုင်မီးသတ်က မီးငြှိမ်းသတ်ယာဉ် ၂ စီးနဲ့ အရပ်ဘက်အသင်းတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြလို့ မနက် ၁၂ နာရီ မိနစ် ၅၀ မှာ မီးထိန်းနိုင်ခဲ့ပါတယ်။

မနက် ၁၂ နာရီ ၅၅ မိနစ်မှာ မီးငြိမ်းသွားပြီး ပျက်စီးမှုတန်ဖိုးကို နေအိမ် ၂ လုံးနဲ့ အတွင်းပစ္စည်း အားလုံးအတွက် စုစုပေါင်း ၁၃ သိန်းခွဲကျပ်သာ ခန့်မှန်းတွက်ချက်ထားတယ်လို့ သိရပါတယ်။

လျှပ်စစ်မီး မကြာခဏ ပြတ်တောက်မှုကြောင့် လျှပ်စစ်ဝါ‌ယာရှော့ မီးလောင်မှုတွေကနေ အန္တရာယ်ကင်းစေဖို့အတွက် အိမ်တွင်းသုံး လျှပ်စစ်ပစ္စည်းတွေကို မပေါ့ဆဘဲ အရည်အသွေး မကြာခဏ စစ်ဆေးဖို့၊ မီးသတ်ဆေးဘူး ဆောင်ထားဖို့နဲ့အတူ အရေးကြီးစာရွက်စာတမ်း စုစည်းထားဖို့၊ နောက်ဖေးတံခါးအနီးမှာ ပစ္စည်းတွေ ပိတ်ဆို့မထားဖို့ကို လူမှုကူညီရေးအသင်းတွေက အကြံပြုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013