
ရန်ကုန်ကမြို့နယ်တွေမှာ လျှပ်စစ်မီးဆိုးဆိုးဝါးဝါးပြတ်တောက်ပြီးနောက် ဇန်နဝါရီ ၁၀ ရက်နဲ့ ၁၁ ရက်က မီး ၇ ကြိမ်လောင်ခဲ့ပြီး မီးဘေးအန္တရာယ်ကင်းဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။
မီးလောင်မှုအများစုဟာ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာကနေ စတင်ခဲ့တာဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်ချိန် ဟင်းချက်ဒယ်နီအိုးပလပ် မဖြုတ်မိတာ၊ ပန်ကာ၊ အားသွင်းကြိုးတွေကနေ မီးလောင်မှု ၄ ခုအထိ ရှိခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “မီးပြတ်သွားတယ်၊ ပလပ်မဖြုတ်မိဘူး။ မီးပြန်လာတယ်။ အပူလွန်ကဲတယ်။ လောင်တယ်။ အဲဒါတွေပဲ အခုနောက်ပိုင်းအဖြစ်များတာပါ” လို့ ပြောပါတယ်။
မကြာခဏပြတ်တောက်နေတဲ့ လျှပ်စစ်မီးကို သုံးစွဲရာမှာ ဂရုစိုက်ဖို့၊ မီးလောင်မှုဖြစ်ရင် လူအသက်မဆုံးရှုံးရအောင် တိုက်ခန်းတွေရဲ့ နောက်ဖေးအရေးပေါ်လှေကားတွေကို ပိတ်ဆို့ထားတာတွေဖယ်ရှားဖို့ ရန်ကုန်ကယ်ဆယ်ရေးအဖွဲ့တွေက အကြံပြုထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “နောက်ဖေး emergency အရေးပေါ်လှေကာရှိရင် ပြေးလို့ရအောင်လို့ ပစ္စည်းတွေမပုံထားနဲ့ မပိတ်ထားနဲ့။ နောက်တခုက တံခါးတွေမှာ သံပန်းကြီးတွေအသေပိတ်မထားနဲ့။ ဖွင့်လို့လွယ်အောင် ထားတာ အကောင်းဆုံးပါ။ နောက်ဖေးလှေကားက ကြံ့ခိုင်မှု ရှိ မရှိ စစ်။ နောက်တခုက သေတ္တာခပ်သေးသေးတလုံးနဲ့ ထည့်လို့ရတာတခုခုထဲ အရေးကြီးစာရွက်စာတမ်းတွေကို ထည့်ထား။ အိမ်သုံးမီးသတ်ဆေးဘူးကို ၃ ကီလိုလောက် ဆောင်ထားသင့်ပါတယ်” လို့ ပြောပါတယ်။
မြန်မာမီးသတ်ဌာနချုပ်ရဲ့ မီးလောင်မှုအခြေအနေထုတ်ပြန်ချက်အရ ၂ ရက်အတွင်း မင်္ဂလာတောင်ညွန့်၊ အရှေ့ဒဂုံ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာ၊ စမ်းချောင်း၊ တိုက်ကြီး၊ သင်္ဃန်းကျွန်း မြို့နယ်တို့မှာ မီးလောင်ကျွမ်းမှုကြောင့် တိုက်ခန်း ၅ ခန်း၊ နေအိမ် ၃ လုံး ပျက်စီးသွားပြီး လူ ၁ ယောက်သေ၊ ၃ ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ သိရပါတယ်။