ရန်ကုန်က မြို့နယ်တွေရဲ့ ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် ၉ အတွက် ရပ်ကွက်အလိုက် လူ ၄၀ မှ ၈၀ အထိ စာရင်းတောင်းယူမှာ ဖြစ်တယ်လို့ ရပ်ကွက်ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ မြောက်ဥက္ကလာပမြို့နယ် စစ်ကောင်စီ မြို့နယ်စီမံရုံး (ထွေအုပ်) ရဲ့ အစည်းအဝေးမှတ်တမ်းတွေအရ ထွက်ပေါ်လာတာပါ။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေဟာ ရပ်ကွက်ကြီးရင် သက်ပြည့်လူ အယောက် ၈၀ အထိ စာရင်းပေးရမှာဖြစ်ပြီး ရပ်ကွက်ငယ်ရင် သက်ပြည့်လူ အယောက် ၄၀ အထိ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတယောက်က “ဒီအပတ်စဉ်ကနေ စမှာ။ အားလုံး ခေါင်းခဲနေကြပြီ။ AD ဦးလောဟာ ကိုယ်တိုင်ပြောတာ။ (ဌ) လို ရပ်ကွက်ကြီးရင် အယောက် ၈၀၊ ကျောက်ရေတွင်းလိုဆို အယောက် ၄၀။ လူဦးရေနဲ့သွားမှာ” လို့ ပြောပါတယ်။
စစ်မှုထမ်းအပတ်စဉ် ၁ ကစလို့ အပတ်စဉ် ၇ အထိ စစ်ကောင်စီ လေ့ကျင့်ရေးတပ်တွေကနေ သင်တန်းဆင်းပြီး ရှေ့တန်းစစ်မြေပြင် ရောက်နေသူတွေထဲမှာ သေဆုံးသူနဲ့ ခြေလက်ပြတ် ကိုယ်အင်္ဂါချို့တဲ့သူတွေ အများအပြားရှိနေပေမဲ့ ထိခိုက်မှုအတွက် ပင်စင်ခံစားခွင့်တွေလည်း စစ်ကောင်စီဘက်က ပေးဝေတာမျိုး မရှိဘူးလို့ ကြည့်မြင်တိုင်မြို့နယ် နေထိုင်သူတယောက်က ပြောပါတယ်။
“အိမ်က တူဝမ်းကွဲ အပတ်စဉ် ၄ ကတည်းက ပါသွားတာ။ ပေါင်တဖက်နဲ့ ဘယ်လက်ချောင်း ၃ ချောင်းပြတ်မှ ပြန်ရောက်လာတယ်။ သူ့လို အများကြီးမှ အများကြီးပဲ၊ ဘာပင်စင်ခံစားခွင့်မှ မရဘူး။”
မြန်မာနိုင်ငံအနှံ့မှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့နဲ့ အင်အားဖြည့်တင်းဖို့အတွက် မြို့ပြမှာပါ နောက်တဆင့်ထပ်တိုးကြံစည်တာကြောင့် စစ်ကောင်စီတပ် စိုးမိုးနေရာတွေမှာ ပုန်ကန်တော်လှန်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးသုံးသပ်သူတယောက်က မှတ်ချက်ပြုထားပါတယ်။