Home
မြန်မာသတင်း
ရန်ကုန်ကို ပြောင်းရွှေ့သူများလာပြီး တိုက်ခန်းနှင့် အိမ်ခြံမြေဈေးနှုန်း မြင့်တက်
DVB
·
January 9, 2025

စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအကြာ မြန်မာနိုင်ငံအနှံ့မှာတော့ စစ်ဖြစ်ပွားရာဒေသတွေ များပြားလာခဲ့ပြီး ‌စစ်ဖြစ်ပွားမှုမရှိ‌သေးတဲ့ ရန်ကုန်မြို့ကို ပြောင်းရွှေ့နေထိုင်သူတွေ များလာခဲ့ပါတယ်။

ရွှေ့ပြောင်းလာသူတွေ အလုံးအရင်းနဲ့ ပြောင်းရွှေ့လာတာကြောင့် အကန့်အသတ်နဲ့ရှိနေတဲ့ အိမ်တွေ၊ တိုက်ခန်းတွေမှာ အခန်းမလုံလောက်မှုတွေ ရှိလာပြီး ‌ဈေးနှုန်းတွေလည်း ကြီးမြင့်လာနေပါတယ်။

ရန်ကုန်မြို့မှာ ဆယ်စုနှစ်နဲ့ချီ တိုက်ခန်းငှားနေထိုင်လာသူတယောက်ကတော့ တရားမဝင်ပွဲစား‌တွေရဲ့ ဈေးနှုန်းကစားမှုကြောင့် တိုက်ခန်းငှားခ ၂ ဆလောက် ခုန်တက်သွားတယ်လို့ ပြောပါတယ်။

“အိမ်ငှားခတွေက တိုးလာတယ်။ အရင်တုန်းက ၂ သိန်း၊ အခု ၄ သိန်းဖြစ်သွားပြီ။ ပြီးတော့ သူတို့က သုံးလတကြိမ် စာချုပ်ချုပ်ရတယ်။ သုံးလတခါ ပိုက်ဆံတိုးတိုးတောင်းတာလေ။ တော်တော်များများက တရားဝင် အိမ်ခြံမြေပွဲစားတွေ မဟုတ်ဘူး။ သူတို့က အိမ်ရှင်ကို အကြံပြုတယ်၊ သုံးလတဖြတ် ခြောက်လတဖြတ်ငှား။ ပိုက်ဆံ တိုးတိုးတောင်းလို့ရတယ်ပေါ့။ အဲဒီလိုတိုးတောင်းလို့ အခြားသူကို ထပ်ရှာပေးရတယ်ဆိုရင် သူတို့က အိမ်လစာ တလစာ ရတယ်လေ။ ဒီအိမ်ငှားတယောက်ကို တနှစ်စာ စာချုပ်ချုပ်ရင် သူတို့က တနှစ်ကို တလစာပဲ ပွဲခရတယ်လေ။ အိမ်ရှင်ကလည်း ပိုက်ဆံပိုရတော့မှ သူတို့ပြောသလို လိုက်လုပ်တာပေါ့။ အဲဒီလိုကနေ အိမ်ငှားခတွေကလည်း စျေးပိုတက်လာတာ။”

ဒါ့အပြင် တိုက်ခန်းနဲ့ အဆောင်အသစ်တွေ တိုးချဲ့ဆောက်လုပ်နေကြပေမဲ့ ကြိုတင်ငှားစနစ်နဲ့ အခန်းတွေ ပြည့်နေကြသလို အိမ်ရှင်နဲ့ ပွဲစားပေါင်းပြီး ငှားရမ်းသူတွေဆီက ငှားရမ်းခ တိုးတောင်းနေကြတဲ့အပြင် အိမ်လစာ အများဆုံးပေးသူ‌ကိုသာ ငှားရမ်းနေကြပါတယ်။

တိုက်ခန်း၊ အိမ်ခန်းတွေအပြင် အလုပ်အကိုင်အတွက် အချက်အချာကြပြီး လူငယ်တွေ အများစုရှိနေတဲ့ ကမာရွတ်မြို့နယ်၊ လှည်းတန်းလိုနေရာက တဦးနေ အခန်းကျဉ်းတွေပါ သိန်းဂဏန်းနီးပါးအထိ ဈေးတက်လာပြီး လူစုငှားတဲ့ တိုက်ခန်းတွေကိုပါ လူဦးရေ ကန့်သတ်လာကြပါတယ်။

တာမွေမြို့နယ်မှာ လက်ရှိနေထိုင်ပြီး ရန်ကုန်ကို နေရပ်ရွှေ့ပြောင်းလာသူတယောက်က အဆောင်တွေရဲ့ အခြေအနေ၊ တိုက်ခန်းငှားစရိတ်၊ ရပ်ကွက်ရုံးတွေက နေရပ်ရွှေ့ပြောင်းတွေကို အကျပ်ကိုင်တာတွေပါ ပြောပြပါတယ်။

“ဒီရန်ကုန်ကို ၁၀ လပိုင်းအကုန်လောက်က ‌စရောက်တာ။ ပထမက လှည်းတန်းမှာ မိန်းကလေးအဆောင်ရတယ်။ ၅ ပေ၊ ၇ ပေလောက် ကျဉ်းကျဉ်းလေးကို ကိုးသောင်းပေးရတယ်။ အဆင်မပြေလို့ဆိုပြီး မိန်းကလေးတွေပဲ တိုက်ခန်းစုပြီး ငှားနေကြတယ်။ တာမွေဘက်မှာ ခြောက်လွှာကို သုံးလချုပ်နဲ့ တလငါးသိန်း အခန်းရတယ်။ ညီမတို့အရှေ့မှာ ငှားသွားသူတွေက တလကို သုံးသိန်းခွဲပဲ။ ငါးသိန်းဖြစ်သွားလို့ သူတို့ဆင်းသွားတာ။ အခုအခန်းကတော့ အိမ်ရှင်က ခြောက်ယောက်ထက်တော့ ပိုမနေခိုင်းဘူး။ ရေဖိုး၊ မီးဖိုးနဲ့ဆို တလကို တသိန်းလောက်တော့ကျတာပဲ။ ဧည့်စာရင်းတိုင်တာကလည်း တော်တော်ရစ်တယ်။ ရွာက ထောက်ခံစာကို Viber ကနေပို့ခိုင်းပြီး print ထုတ်ပြီးပြမှပဲ ဧည့်စာရင်းပေးတာ။”

ရန်ကုန်မြို့နေထိုင်သူတွေရဲ့ ပြောပြချက်အရ ရွှေ့ပြောင်းလာသူတွေထဲမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းမြောက်ဒေသ လားရှိုးကလာသူတွေ အများအပြား ပါဝင်နေတယ်လို့ သိရပါတယ်။

တတ်နိုင်သူတွေက ၃ ယောက်ကနေ ၅ ယောက်အထိ အခန်းငှားလစာ ၃ သိန်းခွဲ၊ ၄ သိန်းကို စုပေါင်းမျှခံပြီး အခက်အခဲရှိနေတဲ့ မိသားစုလိုက် ရွှေ့ပြောင်းလာသူတွေကတော့ ရန်ကုန်မြို့စွန်တွေဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေမှာ သွားရောက်နေထိုင်နေကြရပါတယ်။

ရွှေ့ပြောင်းလာသူတွေထဲ ငွေကြေးပြည့်စုံသူတွေက တိုက်ခန်းငှားတာထက် ဝယ်ယူနေထိုင်ကြပေမဲ့ အကျယ် ၂၅ ပေ၊ ပေ ၄၀ အရှည်ရှိတဲ့ အထပ်ကို သိန်းထောင်ချီ ပေး‌ဝယ်နေရပြီး အိမ်ငှားခ ထပ်မတိုးပေးနိုင်တော့တဲ့ မူရင်းနေထိုင်နေသူတွေကတော့ မြို့အစွန်ဘက်တွေမှာ သွားရောက်နေထိုင်နေကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013