ရခိုင်ပြည်နယ်၊ မာန်အောင်မြို့က ထွက်ခွာလာပြီး လူပေါင်း ၃၀၀ ဝန်းကျင်နဲ့ ရခိုင်စစ်ရှောင်သင်္ဘောကြီးဟာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး ပင်လယ်ပြင်မှာ တပတ်ကျော်ကြာ စစ်ဆေးခံရပြီးနောက် ရန်ကုန်မြို့ကို ရောက်ရှိသွားပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးခံနေရတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဟိုင်းကြီးကျွန်း ပင်လယ်ပြင်ကနေ ဇန်နဝါရီ ၄ ရက်က စတင်ထွက်သွားတဲ့ ရခိုင်စစ်ရှောင် သင်္ဘောမှာ ရန်ကုန်မြို့ ဘုရင့်နောင်ဆိပ်ကမ်းကို ဇန်နဝါရီ ၉ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ ရောက်ရှိသွားပြီး သင်္ဘောပေါ်ပါလာတဲ့ ရခိုင်စစ်ဘေးရှောင်တွေကို မရမ်းကုန်မြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက သွားရောက်စစ်ဆေးနေပြီး ကမ်းပေါ်တက်ခွင့် မရသူတွေ များနေတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေကို ကူညီပေးနေသူက “ရခိုင်ကလာတဲ့ သင်္ဘောကြီးက ဒီဟိုင်းကြီးကျွန်းအနီးမှာ တပတ်ကျော်လောက် စစ်ဆေးခံခဲ့ရပါတယ်။ အခုတော့ ရန်ကုန်ကိုရောက်သွားပြီလို့ သိရတယ်။ လူပေါင်း ၃၀၀ နီးပါးလောက် ပါပါတယ်။ ပါလာတဲ့သူတွေက အကုန်စစ်ရှောင်တွေလို့ ပြောပါတယ်။ ရောက်သွားတာပဲရှိတာ၊ ဟိုဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ တင်းတင်းကျပ်ကျပ် စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ ဒီနေ့အထိ ကမ်းပေါ်တက်ခွင့် မရသေးဘူး” လို့ ပြောပါတယ်။
အဲဒီသင်္ဘောပေါ်မှာ မာန်အောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်က ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ ရခိုင်တိုင်းရင်းသား အရပ်သား ဒေသခံတွေ ပါဝင်ပြီး ဟိုင်းကြီးကျွန်းမြို့မှာ စစ်ဆေးခံခဲ့ရစဉ်ကလည်း စစ်ကောင်စီ ပမ္မဝတီရေတပ်က စစ်ဘေးရှောင်တွေကို ကမ်းကပ်ခွင့်မပေးခဲ့သလို ကူညီထောက်ပံ့ခွင့် အပြည့်အဝ ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
သင်္ဘောပေါ်ပါ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတယောက်က “စထွက်လာကတည်းက ဧရာဝတီတိုင်းကနေ တဆင့် ရန်ကုန်ဘက်သွားမလို့ လာတာ။ စစ်ကောင်စီတပ်တွေက ကမ်းကပ်ခွင့်မပေးဘဲ နေပူပူထဲမှာ ထိန်းချုပ်ကန့်သတ်ခဲ့လို့ ရန်ကုန်ရောက် နောက်ကျတာ။ သင်္ဘောက မာန်အောင်က ထွက်လာတယ် ဆိုပေမဲ့ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်မြို့က ပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေပါ ပါတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် (AA) က စစ်ကောင်စီတပ်ကို တိုက်ခိုက်ပြီး မြို့တွေကို အဆက်မပြတ် သိမ်းယူနေတာကြောင့် ရခိုင်ဒေသခံတွေက ဧရာဝတီတိုင်းနဲ့ ရန်ကုန်ဘက်ကို စစ်ဘေးတိမ်းရှောင်နေရပြီး ဧရာဝတီတိုင်းမှာ စစ်ဘေးရှောင်တွေကို လက်မခံ ပြန်လွှတ်တဲ့အထိပါ ဖြစ်နေတယ်လို့ သိရပါတယ်။