တနင်္သာရီတိုင်း၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက် မီးသတ်ရုံးနားမှာ အဆောင်နဲ့အိမ်တလုံး မီးလောင်ခဲ့ပြီး အပျက်အစီးတွေရှင်းလင်းချိန် အမျိုးသားတယောက်အလောင်းတွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် ဒီမနက် ၃ နာရီခွဲဝန်းကျင်မှာ မီးစတင်လောင်ပြီး မနက် ၄ နာရီဝန်းကျင်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပေမဲ့ နေအိမ်တလုံးနဲ့ အခန်းတွဲတဆောင် မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်သမားတွေဆီက သိရပါတယ်။
မီးကို ငြှိမ်းသတ်နိုင်ပြီးနောက် နေအိမ်အပျက်အစီးတွေကိုရှင်းလင်းချိန် မနက် ၆ နာရီ ဝန်းကျင်လောက်မှာ မီးလောင်ဒဏ်ရာတွေနဲ့ အမျိုးသားတယောက်အလောင်းကို တွေ့ရတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
အလယ်ကျွန်းရပ်ကွက်နေထိုင်သူတယောက်က “မီးလောင်တာက ရှို့မီးလို့လည်းပြောတယ်။ လူသေအလောင်းတွေ့တာက ပတ်ဝန်းကျင်က အမျိုးမျိုးပြောနေတော့ အတည်ပြုလို့မရသေးဘူး” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း မြိတ်မြို့၊ မြို့သစ်ရပ်ကွက်မှာ မီးလောင်ပြီး နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။