ရန်ကုန်မြို့မှာ လျှပ်စစ်မီးပျက်ချိန် တိုးလာတာနဲ့အမျှ ရေသန့်ဘူးစျေးလည်း သိသိသာသာ မြင့်တက်လာတယ်လို့ မြို့နေပြည်သူတွေဆီက သိရပါတယ်။
ရေသန့်တလီတာဘူးတဘူးမှာ ကျပ် ၁,၀၀၀ နဲ့အထက် ရှိလာသလို ၂၀ လီတာဘူးမှာလည်း မှာယူတဲ့ တိုက်ခန်းအထပ်ပေါ် မူတည်ပြီး ကျပ် ၁,၀၀၀ ကနေ ၂,၀၀၀ ကျပ်အထိ ရှိလာတယ်လို့ သူတို့က ဆိုပါတယ်။
အဲဒီရေသန့်ဘူးစျေးမှာ အာဏာမသိမ်းခင်ကာလက တလီတာဘူးကို ၃၀၀ ကျပ်၊ လီတာ ၂၀ ဘူးကို ၅၀၀ ကျပ်နီးပါးသာရှိပြီး အခု စျေးတဖြည်းဖြည်း တိုးလာတာလည်း ဖြစ်ပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတယောက်က “ရေသန့်စျေးတွေ တက်လာတော့ ရေကိုပါ ချွေတာသောက်နေရပြီ။ အပြင်သွားစရာရှိရင်ကို အိမ်ကနေ ကိုယ့်ရေကိုယ်ထည့် သယ်သွားတယ်။ ဝယ်သောက်ရင် ငွေပိုကုန်မှာ” လို့ ပြောပါတယ်။
ရေသန့်ဘူး ထုတ်လုပ်ရောင်းချတဲ့လုပ်ငန်းမှာ လျှပ်စစ်မီးနဲ့ အဓိက လည်ပတ်လုပ်ကိုင်ရတာဖြစ်လို့ မီးပျက်ချိန်မှာ မီးစက်မောင်း လည်ပတ်ရတဲ့အတွက် ကုန်ကျစရိတ်တိုးလာပြီး စျေးတင်ရတာမျိုး ရှိလာတာလို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
လက်ရှိမှာ လျှပ်စစ်မီးပျက်တာတွေ များလာလို့ ထုတ်လုပ်မှု ကုန်ကျစရိတ်တွေလည်း တိုးလာတာကြောင့် ရေသန့်ထုတ်လုပ်တဲ့ လုပ်ငန်းငယ်တွေ ရပ်နားရတဲ့အထိ ရှိလာတယ်လို့လည်း ရေသန့်ဘူးဖြန့်တဲ့လုပ်ငန်း လုပ်ကိုင်သူတယောက်က ပြောပါတယ်။
“စျေးကွက်မှာ များများဖြန့်နိုင်တဲ့သူလောက်ပဲ ဆက်ရပ်တည်နိုင်တယ်။ အဲဒီလိုမှမဟုတ်ရင် ထုတ်လုပ်စရိတ်နဲ့ ပြန်ရတာ မကာမိဘူး။ တပိုင်တနိုင်လုပ်ငန်းတွေ ဆက်ရပ်တည်နိုင်အား မရှိကြတော့ဘူး။”
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးပေးနိုင်တဲ့ပမာဏ တဖြည်းဖြည်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်မြို့မှာ ဇန်နဝါရီ ၁ ရက်ကစပြီး လျှပ်စစ်မီးဖြတ်ချိန်ကို ထပ်တိုးလိုက်ရာ တရက်ကို မီးပေးချိန် ၈ နာရီလောက်ပဲ ရှိတော့တာလည်းဖြစ်ပါတယ်။