
ရန်ကုန်မှာရှိတဲ့ အနှိပ်ခန်းတွေနဲ့ တည်းခိုခန်းအမည်ခံ ပြည့်တန်ဆာအခန်းတွေကနေ စစ်ကောင်စီလက်အောက်ခံ ရဲတွေကို လစဉ် သိန်းဆယ်ချီပြီး ဆက်ကြေးပေးနေရတယ်လို့ အဆိုပါ အနှိပ်ခန်းတွေမှာ အလုပ်လုပ်နေသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မှာ အနှိပ်ခန်းတွေ၊ ပြည့်တန်ဆာခန်းတွေကို ဘုရင့်နောင်ယာဥ်ရပ်စခန်း၊ သီရိမင်္ဂလာဈေးသစ်၊ မင်္ဂလာဈေး၊ အောင်မင်္ဂလာ အဝေးပြေးအနီး၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ လှိုင်သာယာလို နေရာမျိုးတွေမှာ အများအပြား ဖွင့်လှစ်ထားကြတာပါ။
အဲဒီနေရာတွေကို စစ်ကောင်စီလက်အောက်ခံ ရဲတွေအပြင် နယ်မြေခံ လူမိုက်တွေကပါ ဆက်ကြေးတောင်းနေတာကြောင့် လစဉ် သိန်းဆယ်ချီပြီး ပေးနေရတယ်လို့ ဘုရင့်နောင်ရှိ တည်းခိုခန်း မန်နေဂျာတယောက်က ပြောပါတယ်။
“ရဲက တဖွဲ့တည်းကိုပဲ ပေးရတာမျိုးမဟုတ်ဘူး။ နှစ်ဖွဲ့ သုံးဖွဲ့လောက်ကို ပေးရတာ။ လစဉ်ကြေးက တမျိုး၊ သူတို့ လှည့်ကင်းလာချိန်တမျိုး ပေးရတာ။ လူမိုက်တွေကျတော့ ဒီအပိုင်က ဘယ်သူဆိုတာ သတ်မှတ်ထားတော့ တဦးကို တလ တခါပဲ ပေးရတာ။”
လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ ပေါ်တာဆွဲ ဖမ်းဆီးနေတာတွေကြောင့် တဦးချင်း၊ အဖွဲ့လိုက် လုပ်ကိုင်စားသောက်တဲ့ အမျိုးသမီးတွေဟာ လမ်းမပေါ်ထက် အဆိုပါ တည်းခိုခန်း၊ အနှိပ်ခန်းတွေမှာ ပြောင်းလဲလုပ်ကိုင်မှု များလာတယ်လို့ သိရပါတယ်။
တချို့အမျိုးသမီးတွေကတော့ အဲဒီလိုနေရာတွေထက် တယ်လီဂရမ်ချန်နယ်တွေကတဆင့် ဧည့်သည်ရှာဖွေပြီး လုပ်ကိုင်တာမျိုးတွေလည်း ရှိတယ်လို့ ဘုရင့်နောင်က အနှိပ်ခန်းမှာ ခေါင်းဆောင်လုပ်နေသူတယောက်က ပြောပါတယ်။
“လမ်းမပေါ်မှာလုပ်တဲ့သူတွေက အရင်က ငွေရတာများတယ်။ သူတဦးတည်း လုပ်ရတာကိုး။ တခါတလေကျတော့ ရဲနဲ့တိုးပြီး တပြားမှမရဘဲ လိုက်သွားရတာမျိုး၊ အမှုလိုရင် အထဲထည့်ခံရတာမျိုးတွေဖြစ်တော့ အခုလို ညဘက်ထွက်ဖို့ ခက်ခဲတော့ နေ့ဘက်ပြောင်းတယ်၊ တချို့က တယ်လီဂရမ်မှာ ချိတ်ပြီး အလုပ်လုပ်ကြတယ်။ တချို့အနှိပ်ခန်းတွေဆိုတာကလည်း တယ်လီဂရမ်ဖွင့်ပြီး ဟိုအသစ်ပါ၊ ဒီကအသစ်ပါဆိုပြီး ဧည့်သည်ရအောင် လုပ်ကြတာပေါ့။ ရဲကြေး၊ လူမိုက်ကြေး ကာမိအောင် ကြံနေကြရတာ။”
အဆိုပါ တည်းခိုခန်းနဲ့ အနှိပ်ခန်းတွေမှာ ပျော်ပါးဖို့အတွက် အမျိုးသမီးတွေအပြင် WY၊ ဘိန်းဖြူ၊ ဆေးခြောက်၊ အရက်၊ ဘီယာတို့ကိုလည်း ပြင်ပဈေးကွက်ထက် ပိုများတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒီလို ရာဇဝတ်မှုဆိုင်ရာကိစ္စတွေ အများအပြား ပေါ်ပေါက်နေတာကြောင့် စစ်ကောင်စီလက်အောက်ခံ ရဲတွေအနေနဲ့ ငွေရလမ်း အများအပြား ရရှိနေတာလည်း ဖြစ်ပါတယ်။