Home
ရုပ်သံ
ဆိုလာ၊ မီးစက်ပြပွဲနှင့် ရောင်းချပွဲတွင် လာရောက်ကြည့်ရှုဝယ်ယူသူ များပြား
DVB
·
January 14, 2025

လျှပ်စစ်မီးအရနည်းလာပြီး မီးခဏခဏပြတ်လာတဲ့တွက် ဆိုလာ၊ မီးစက်ပြပွဲနဲ့ ရောင်းချပွဲမှာ လာရောက်ကြည့်ရှုဝယ်ယူသူ များပြားခဲ့ပါတယ်။ 

မီး မကြာခဏပြတ်တဲ့ ရန်ကုန်မြို့မှာ ဆိုလာစွမ်းအင်သိုလှောင်မှု ကုန်စည်အများအပြားနဲ့ အိမ်သုံးမီးစက်ပြပွဲနဲ့ ရောင်းချပွဲကို အင်းလျားကန်ဟိုတယ်လ်ဝင်းအတွင်းက  ရန်ကုန်ကွန်ဗင်းရှင်းစင်တာမှာ ဇန်နဝါရီ ၁၀ ရက်ကစပြီး ၃ ရက်ကြာ ကျင်းပခဲ့ပါတယ်။

ဒီပြပွဲမှာ ရန်ကုန်မြို့နဲ့ ရပ်နီးရပ်ဝေးက ဒေသခံတွေ အများအပြားလာရောက်ကြည့်ရှုခဲ့ကြပြီး လျှပ်စစ်မီးအခက်အခဲကြောင့် လာရောက်ကြည့်ရှုတာလို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

“အခုကတော့ ကျနော်တို့က မိသားစုအနေနဲ့ရော Commercial အနေနဲ့ရော အရမ်းခက်ခဲတဲ့ ကာလဖြစ်သွားပြီ။ စွမ်းအင်ကတော့ မရှိမဖြစ်လုပ်ရမှာကိုး။ Life Style နဲ့ရော၊ အခု လောလောဆယ်ကတော့ ဒီဟာတွေကတော့ ကလေးတွေ စာသင်ဖို့တို့၊ ကျနော်တို့ လူကြီးတွေဆိုရင် Laptop တွေ ဘာတွေ တော်တော်ခက်ခဲသွားတာပေါ့။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လုပ်ရတာပေါ့။”

လျှပ်စစ်မီးရရှိမှု ၄ နာရီလာ ၄ နာရီပျက်တဲ့အစီစဥ်ကနေ မနက်ပိုင်း ထမင်းဟင်း ချက်ချိန်ကို ပုံမှန်ပေးလာပြီးတဲ့နောက် အခုချိန်မှာတော့ အများပြည်သူ လျှပ်စစ်မီးအသုံးပြုချိန်ကို အဓိကထားမပေးနိုင်တော့ပဲ ၄ နာရီလာ ၈ နာရီပျက်နဲ့ ၃ နာရီလာ ၉ နာရီပျက်တဲ့အထိ လျှပ်စစ်မီးရရှိမှုက ပိုဆိုးရွားလာတာပါ။

ဒါ့အပြင် မကြာခင် နွေရာသီကို ရောက်ရှိလာတဲ့အခါ မီးပိုပြတ်တတ်တဲ့ ထုံးစံကြောင့်လည်း လျှပ်စစ်မီးကို မှီခိုနိုင်တဲ့အခြေနေ ပိုပြီးဆိုးရွားလာမှာကိုစိုးရိမ်တဲ့အတွက် အခုလိုပြပွဲမှာ လာရောက်လေ့လာ ဝယ်ယူသူ ပိုမိုများပြားလာတာလည်းဖြစ်ပါတယ်။

ဒီလိုလာရောက် လေ့လာဝယ်ယူသူတွေထဲမှာ စစ်ရေးအခြေနေတွေကြောင့် မီးလုံးဝမလာတော့တာ နှစ်လကြာပြီဖြစ်တဲ့ ကျောက်ဖြူမြို့ကနေ ဆိုလာဘတ်ထရီလာရောက်ဝယ်ယူသူလည်း ပါဝင်ပါတယ်။

ဒေသခံတယောက်က “ကျောက်ဖြူမှာက မီးကလုံးဝမလာဘူး။ ဆိုတော့ အဲ့ဒီမှာ ဆိုလာပြားတွေ ဝယ်ထားတယ်။ လိုအပ်တဲ့ ဘတ်ထရီတလုံးကိုလာကြည့်တာ။ ဈေးများသက်သာမလားလို့။ လောလောဆယ် အခြေနေကတော့ ကြည့်ရတာကတော့ အွန်လိုင်းမှာ တွေ့တဲ့ဈေးနှုန်းနဲ့တော့ သိပ်တော့ မကွာလောက်ဘူးလို့ မြင်တယ်” လို့ ပြောပါတယ်။

ပြပွဲမှာ အိမ်သုံး၊ ရုံးသုံး၊ စက်ရုံသုံး ဆိုလာပစ္စည်းတွေအပြင် အသံတိတ် အိမ်သုံးမီးစက်အသေးတွေကိုလည်း လာရောက်ပြသရောင်းချနေတာ ဖြစ်ပါတယ်။

ဒီပြပွဲမှာ ပြသရောင်းချနေတဲ့ ဆိုလာစွမ်းအင်သိုလှောင်မှုပစ္စည်းတွေမှာ အနည်းဆုံး ကျပ်သိန်း ၆၀ လောက်ကနေ အသုံးပြုမယ့် စွမ်းအင်ပမာဏနဲ့ထုတ်လုပ်တဲ့ ကုမ္ပဏီအလိုက် ဈေးနှုန်းအမျိုးမျိုး သတ်မှတ်ထားကြပါတယ်။

လာရောက်ပြသတဲ့ ကုမ္ပဏီအများစုက တရုတ်နိုင်ငံအခြေစိုက်ကုမ္ပဏီတွေဖြစ်ပြီး ရန်ကုန်မြို့ရှိ လှိုင်သာယာစက်မှုဇုန်မှာ စက်ရုံဖွင့်လှစ်ထားတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

ဒီပြပွဲကို တရုတ်နိုင်ငံအခြေစိုက် ပြပွဲတွေ စုစည်းကျင်းပလေ့ရှိတဲ့ DPES ကုမ္ပဏီက ပထမဆုံးလာရောက် ဦးဆောင်ကျင်းပတာဖြစ်ပြီး ကုမ္ပဏီအမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်က ဆိုင်ခန်းပေါင်း ၇၀ကျော် ပါဝင်ပြသခဲ့ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013