ရန်ကုန်မြို့ပတ်ရထားတွဲ RBE တွဲဟောင်းတွေပေါ်မှာ ကုန်စိမ်းတင်ဆောင်သူတွေကို ရထားတွဲစောင့် ရဲတွေက တရားမဝင်ငွေတောင်းနေတယ်လို့ ဈေးသည်တွေဆီက သိရပါတယ်။
မြို့ပတ်လမ်းပိုင်းမှာ ကုန်စိမ်းနဲ့ ကုန်ခြောက် လက်ကားဈေးကြီးဖြစ်တဲ့ တညင်းကုန်းဈေး၊ တညင်းကုန်းဘူတာကနေ ပတ်လမ်းတလျှောက်က ဘူတာတွေကို ဈေးသည်တွေက ရထားအသုံးပြုပြီး ကုန်စည်ပို့ဆောင်နေကြတာပါ။
ရထားဘူတာတွေမှာ ကုန်တင်တန်ဆာခအတွက် သီးသန့်လက်မှတ်ဝယ်ယူရမယ်လို့ ဘူတာရုံမှာ ရေးသားထားပေမဲ့ ဘူတာရုံလက်မှတ်ရောင်းသူကပါ အဆိုပါ လက်မှတ်တွေကို ရောင်းချပေးခြင်း မရှိကြပါဘူး။
ကုန်စိမ်းတင်သူတယောက်က “ကုန်ပိုလက်မှတ်ဆိုတာ ရှိတယ်။ ရုံကလည်း မရောင်းဘူး။ ဘယ်သူမှလည်း ဝယ်မအားဘူးလေ။ ရထားလာတာနဲ့ ကုန်စိမ်းတွေ တွဲပေါ် ပစ်တင် လုတင်နေရတာ။ တွဲပေါ်ရောက်မှ ဂတ်ဗိုလ်အတွက် ၅၀၀၊ ရဲကြေး ၅၀၀။ တခါတလေ များရင် ၁၀၀၀ ”လို့ ဆိုပါတယ်။
ကုန်စိမ်းတင်သူတွေအတွက်တော့ ရဲကြေး၊ ဂတ်ဗိုလ်ကြေး ပေးပြီးပါက လက်မှတ်စစ်တွေက လူစီးလက်မှတ် စစ်ဆေးခြင်းမရှိတော့ပေမဲ့ ခရီးသွားတွေအတွက် ၁၅ ဘူတာ ခရီးစဉ်တကြောင်းကို ၄၀၀ ကျပ် ပေးစီးနေကြပါတယ်။
၂၀၂၄ နိုဝင်ဘာ ၂၉ ရက်လောက်မှာ စပိန်ထုတ် DEMU ရထားတွဲသစ်တွေကို တွဲဟောင်း RBE တွေနေရာမှာ အစားထိုးပြေးဆွဲခဲ့တာကြောင့် ကုန်စိမ်းတင်သူတွေ အခက်အခဲဖြစ်ခဲ့ပါသေးတယ်။
အဆိုပါရက်တွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန် ရောက်ရှိနေချိန်ဖြစ်တာကြောင့် အဆင့်မြင့်တွဲသစ်တွေကို ထည့်သွင်းပြေးဆွဲပြခဲ့တာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်မှာတော့ စပိန်တွဲသစ်ကို တနေ့ ၂ စီးသာ ထည့်ဆွဲပြီး ပုံမှန်အတိုင်း RBE တွဲဟောင်းတွေကို ကုန်တင်၊ ခရီးသည်တင် ပြေးဆွဲနေတာလည်း ဖြစ်ပါတယ်။