ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှာ မြို့နယ်ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်ဆိုကာ မြို့နယ်ထွေအုပ်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ အပြောင်းအလဲ လုပ်ဆောင်ခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ရပ်ကွက် ၁၇ ခုနဲ့ မြို့သစ်ရပ်ကွက်ကြီး ၂ ခု စုစုပေါင်း ၁၉ ခု နဲ့ ဖွဲ့စည်းထားပြီး မရမ်းကုန်းခရိုင်ထဲ ပါဝင်နေပါတယ်။
၂၀၂၅ မှာ ရွေးကောက်ပွဲလုပ်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက်မှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အပြောင်းအလဲတွေကို ၂၀၂၄ ခုနှစ်ထဲမှာ တကြိမ်၊ ၂၀၂၅ ဇန်နဝါရီလမှာထဲမှာ တကြိမ် ပြုလုပ်နေတာပါ။
ဒါ့အပြင် NLD ပါတီဝင်အဖြစ်ကနေ အာဏာမသိမ်းခင်ကတည်းက အုပ်ချုပ်ရေးမှူးဖြစ်နေသူတွေကို ထွေအုပ်က ဆက်မခန့်ပေးဖို့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကိုသာ ရပ်ကွက်ဥက္ကဋ္ဌအဖြစ် ခန့်ပေးအတွက် နေ့တိုင်း လာရောက် ဖိအားပေး ခိုင်းစေနေတာလို့ မြို့နယ်ထွေအုပ်ရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
“ကြံ့ခိုင်ရေးဥက္ကဋ္ဌက ဒီရပ်ကွက်တွေမှာ သူတို့ပါတီက အုပ်ချုပ်ရေးမှူး မဟုတ်လို့ ရွေးကောက်ပွဲရှုံးရင် ထွေအုပ်က တာဝန်ယူမလား အရင် စမေးတာ။ ဒီမြို့နယ်ထဲ ရပ်ကွက် ၃ ခုပဲ ကျန်တော့တယ်။ ၃ ခုမှာ ရပ်ကွက် ၂ ခုက အုပ်ချုပ်ရေးမှူးတွေက ကြံ့ခိုင်ရေးထဲ ဝင်သွားပြီ။ ရပ်ကွက်တခုတည်း ကျန်တော့တယ်။ အဲဒီရပ်ကွက်က ကြံ့ခိုင်ရေးစည်းရုံးရေးမှူးက မနှစ်က ဥက္ကဋ္ဌ ၂ လဖြစ်သွားသေးတယ်။ တိုင်းက အရင်အုပ်ချုပ်ရေးမှူးကို ပြန်ခန့်လိုက်လို့ အဲဒီလူ ပြုတ်သွားတာ။ ဒီနှစ်ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး အဲဒီရပ်ကွက်ဥက္ကဋ္ဌကို ကြံ့ခိုင်ရေးက တယောက်နဲ့ အစားထိုးပေးဖို့ လာလုပ်နေတာ။ နေ့တိုင်း အဝင်အထွက်ရှိတယ်။ နေ့တိုင်း လာပြောတယ်”
မြို့နယ်ကြံ့ခိုင်ရေးရုံးနဲ့ စစ်ကောင်စီထွေအုပ်ရုံးဟာ ခေမာသီလမ်းမ၊ ရုံးသစ်မှတ်တိုင်မှာ တည်ရှိပြီး မီတာ ၁၀၀ ဝန်းကျင်လောက်သာ ကွာဝေးတဲ့အပြင် ကြံ့ခိုင်ရေးရုံးထဲမှာ လက်နက်ကိုင် ပြည်သူ့စစ်တွေ အလှည့်ကျ ကင်းစောင့်နေတယ်လို့ သိရပါတယ်။