နှစ်သစ်ကို အလံတွေ တလူလူလွှင့်လို့ ကြိုဆိုနေတာ ကုန်ဈေးနှုန်းနဲ့ အမှောင်သာ ဖြစ်ကြောင်း မှောင်နဲ့မည်းမည်း ရန်ကုန်မှာ သုန်မှုန်နေတဲ့ ရန်ကုန်မြို့သားတဦးက ဆိုတယ်။
သူက ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးပြီး ရန်ကုန်ကနေ တဖဝါးမှမခွာ ရန်ကုန်မှာ ဒေါင်ဒေါင်မြည်ခဲ့တဲ့ အသေးစားဆောက်လုပ်ရေးကန်ထရိုက်တာ။ သူ့ဘဝတသက်တာ ရန်ကုန်မှာ အိမ်ပိုင်၊ ကားပိုင်၊ လုပ်ငန်းပိုင်အဖြစ်နဲ့ ကိုယ့်ဘဝကိုယ် ယုံကြည်မှုကြီးခဲ့သမျှ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးမသွားအောင် တော်တော့်ကို တင်းခံထားရတယ်လို့ ဆိုရဲ့။
၂၀၂၁မှာ အာဏာမသိမ်းခင်က လက်ခံထားတဲ့ အလုပ်တွေကို လက်စသတ်တာကလွဲလို့ နှစ်ကုန်အထိ အလုပ်သစ်မရှိ ဝင်ငွေသုည။ ပြီးတော့ ၂၀၂၂၊ ၂၀၂၃၊ ၂၀၂၄ ထမင်းမငတ်ရုံတမယ်၊ လုပ်ငန်း လည်ပတ်လို့ ရရုံအဆင့်။ ၂၀၂၄ ဒုတိယ ၆ လမှာ အိမ်လေးဆောက်ရ၊ အဆောင်လေး ဆောက်ရ၊ နည်းနည်းစိပ်လာတာကြောင့် ၂၀၂၅ ဆို မဆိုးလောက်ဘူးလို့ စိတ်ကူးယဉ်နေရုံရှိသေး။ ၂ ဆတိုးလိုက်တဲ့ အခွန်ကြောင့် မှောက်ရက်လဲရပြန်တယ်လို့ သူက ပြောပြတယ်။
“အခွန် နှစ်ဆတိုးတော့လည်း ကုန်ဈေးနှုန်းက သုံး၊ လေးဆ တိုးတော့မှာပေါ့။ ပြီးတော့ ၂၀၂၅ ကို စဖွင့်လိုက်တယ်ဆိုရင်ပဲ မီးပျက်ချက်က ကြောက်ခမန်းလိလိဆိုတော့ အသက်ရှူကျပ်နေတဲ့ လူနာကို အလုံပိတ်အခန်းထဲ ထည့်လိုက်သလိုပဲ။”
စစ်ကောင်စီလက်အောက်ခံ အကောက်ခွန်ဦးစီးဌာနက ၂၀၂၄ ဒီဇင်ဘာ ၂၇ ရက်မှာ ကြေညာတယ်။ ၂၀၂၅ ဇန်နဝါရီ ၁ ရက်ကစလို့ တင်ပို့၊ တင်သွင်း ကုန်ပစ္စည်းတွေအတွက် ပေးရတဲ့ အခွန်အခတွေကို ၂၀၂၄ နှစ်ကုန်အထိ ကောက်ခံခဲ့တဲ့ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာငွေလဲနှုန်း ရည်ညွှန်းဈေးအစား ဈေးကွက်ရည် ညွှန်းဈေးအတိုင်း ပြောင်းလဲကောက်ခံတော့မယ်တဲ့။ သူ့ဆိုလိုရင်းက ဗဟိုဘဏ်ရည်ညွှန်းဈေး အမေရိကန် တဒေါ်လာ ကျပ် ၂၁၀၀ နဲ့ အခွန်ပေးခဲ့ရာကနေ ဈေးကွက်ရည်ညွှန်းဈေး ၃၈၀၀ ကျော်နဲ့ အခွန်ဆောင်ရတော့မယ်ဆိုတဲ့ ၂ ဆလောက် အခွန်တိုးကောက်လိုက်တဲ့ သဘော။
မြန်မာနိုင်ငံဆိုတာက ပလတ်စတစ်ထုတ်ကုန် သေးသေးမွှားမွှားအဆုံး ပြည်ပကနေ မှာယူ တင်သွင်းနေရတာ ဆိုတော့ အခွန်တိုးကောက်ရင် ကုန်ပစ္စည်းတွေ ဈေးတက်၊ ကျန်တာတွေလည်း အကုန်တက်။ အဲဒီအခွန်ဈေးတက်ခြင်းက စီးပွားရေးလုပ်ငန်းတိုင်းနီးပါးကို သက်ရောက်မှု ကြီးနိုင်ပေမဲ့ မြန်မာ့စီးပွားရေးဆိုတာ အဆိုးပေါ် အဆိုးထပ် အဆိုးသံသရာမှာ ချာချာလည် မထူးဇာတ်ခင်းနေရတာမို့ သိပ်အထူးကြီးလည်း မဟုတ်ပြန်ဘူးလို့ ဆိုတယ်။
စစ်ကောင်စီက ဒေါ်လာငွေ ပြည်ပ မထွက်ရေးအတွက် အင်မတန်ကပ်စေးနည်းတဲ့ မိန်းမကြီးတယောက်လို ဆီလိုအပေါက်ရှာ မထွက်အောင်ကို ကျင့်တယ်။ သူတို့ အာဏာတည်မြဲရေး လက်နက်ခဲယမ်း ဝယ်ခြမ်းရေးအတွက်ကလွဲ ကျန်တာတွေ မဖြစ်မနေထက် ပိုမဝယ်မိစေနဲ့။ သွင်းကုန်လိုင်စင်တွေကို သေချာစစ်၊ မလိုဘူးထင်တာ အကုန်ခေါက်ပစ်။ ၂၀၂၄ နှစ်ကုန်အထိ သွင်းကုန်လိုင်စင်တွေကို တင်းကျပ်ပစ်ခဲ့တယ်။
“ပစ္စည်းသွင်းဖို့ လိုင်စင်တင်ထားတာ အခု ၆ လကျော်ပြီ၊ လုံးဝမကျဘူး” လို့ ရန်ကုန်အခြေစိုက် အီလက်ထရောနစ်လုပ်ငန်းရှင်တဦးက ပြောတယ်။
၂၀၂၄ ခုနှစ်အတွင်း အီလက်ထရောနစ်ပစ္စည်းတွေ တင်သွင်းဖို့ လိုင်စင်မချ။ ၂၀၂၅ မှာ အခွန်နှစ်ဆနီးပါး တိုးလိုက်တာကြောင့် လိုင်စင်တော့ ချပေးနိုင်ကောင်းရဲ့လို့ မျှော်လင့်ခဲ့ပေမဲ့ မချ။ လိုင်စင်ချပေးလည်း မသုံးမဖြစ် အီလက်ထရောနစ်ပစ္စည်း နည်းနည်းပါးပါးသာ ဈေးကွက်ထဲ အဝယ်ရှိတာကြောင့် သိပ်အများကြီး မတင်သွင်းနိုင်။ ဒီကြားထဲ လျှပ်စစ်မီးမရခြင်းက နွေမရောက်သေးတာတောင် အဆိုးဆုံးအခြေအနေသို့ ချည်းနင်းလာပြီမို့ ဟက်တက်ကွဲရပြန်တယ်လို့ သူက ပြောတယ်။
“အခု မီးပျက်နေလို့ ထင်တယ်။ ဆိုလာတို့၊ ဘက်ထရီတို့၊ အင်ဗာတာ အဲဒီလို ဆက်စပ်ပစ္စည်းတွေတော့ သွင်းကုန်လိုင်စင် ပြန်ပေးနေတယ်။ ကျန်တာတွေကတော့ ဘာမှမသွင်းရလို့ ကုန်ကြမ်းဝယ်မရလို့ ရပ်ထားတဲ့ စက်ရုံတွေလည်း များနေပြီ” လို့ အီလက်ထရောနစ်လုပ်ငန်းရှင်က ဆိုတယ်။
မြန်မာတို့အကြိုက် အိမ်သုတ်ဆေး UPG လှိုင်သာယာတွင် စက်ရုံကြီးဟည်းနေပေမဲ့ ဈေးကွက်ထဲ UPG အိမ်သုတ်ဆေး အစရှာမရ။ အိမ်သုတ်ဆေး ဖြစ်လာဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းအားလုံးကို ပြည်ပကနေသာ တင်သွင်းရတာဆိုတော့ ကုန်ကြမ်းသွင်းမရ ကုန်ချော ထွက်မလာ၊ ငုတ်တုတ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေအတွက် မရှိမဖြစ် ဘိလပ်မြေဆိုရင်လည်း အသုံးများတဲ့ Alpha တံဆိပ်စက်ရုံက PDF စိုးမိုးထားတဲ့ မတ္တရာမှာ ရှိတာမို့ ဈေးကွက်ထဲ လုံးဝမရှိ ပွဲပြီးသွားတဲ့အခြေ။ ကြံ့တံဆိပ်ဘိလပ်မြေက ၂၀၂၄ ဒီဇင်ဘာမှာ တအိတ်ကို ကျပ် ၁၆၅၀၀ ဈေးပေါက်ပြီး ဝယ်လို့မရ။ အခု နှစ်သစ်ကို စဖွင့်လိုက်တော့ ကြံ့တံဆိပ်က တအိတ်ကို ကျပ် ၂၁၀၀၀။ ဇန်နဝါရီ ၁၁ ရက်ရောက်တော့ ကျပ် ၂၃၅၀၀ အထိ မြောက်တက်သွားတာတောင် လိုသလောက် ဝယ်မရပြန်။
“ကျနော် အခုဘိလပ်မြေ အိတ် ၄၀၀ လိုနေလို့ ရန်ကုန်မြို့ပတ်ပြီး လိုက်ရှာဝယ်နေတာ တပတ် ရှိပြီ၊ အိတ် ၅၀ ပဲ ရသေးတယ်” လို့ အသေးစားဆောက်လုပ်ရေးကန်ထရိုက်က လတ်တလော ချာချာလည်နေတဲ့ သူ့ဒုက္ခကို ရှင်းပြတယ်။
သွင်းကုန်လုပ်ငန်းရှင်တွေကလည်း နှစ်ဆနီးပါး ခုန်တက်သွားတဲ့ အခွန်ကြောင့် များများစားစား တင် သွင်းဖို့ မစဉ်းစားနိုင်။ နည်းနည်းပါးပါး တင်သွင်းချင်ရင်လည်း လိုင်စင်မကျ။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် အောက်လမ်းကနေ တင်တော့လည်း အဖမ်းအဆီး အစစ်အဆေးတွေက များပြီး လိုင်းကြေးနိုင်နိုင်ပေးထားတာတောင် စိတ်မချရတာကြောင့် တာဝန်ယူပို့ဆောင်ပေးမယ့် အေးဂျင့်ကရှား၊ အရင်ကထက် ကယ်ရီခ သုံးလေးဆ တက်ရုံတင်မက ပစ္စည်းများများစားစားလည်း သယ်မရတော့ဘူးလို့ အီလက်ထရောနစ်လုပ်ငန်းရှင်က ဆိုတယ်။
“အဲဒါတွေအားလုံးကနေ ထွက်လာတဲ့ရလဒ်က သွင်းကုန်ပစ္စည်းရှားလာတယ်။ ဈေးတက်သွားတယ်” လို့ သူက ဆက်ပြောပြတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ဘက်ပေါင်းစုံအကျပ်အတည်းတွေကြား စီးပွားရေးနယ်ပယ်စုံ ပြိုဆင်း လာတာကြောင့် သူဌေးတွေလည်း ယိုင်လာ၊ လူလတ်တန်းစား ဝန်ထမ်းတွေလည်း ပြာ၊ အောက်ခြေအလွှာဆို ငယ်သံကို ပါနေပေမဲ့ ၂၀၂၄ ဒီဇင်ဘာမတိုင်ခင်အထိ အစ်ကို ကာလသားတို့အကြိုက် အဖျော်ယမကာ စားသောက်ဆိုင်လုပ်ငန်းက ဘာပဲဖြစ်ဖြစ် ရပ်လို့ရနေသေးတဲ့ လုပ်ငန်းအမျိုးအစားတရပ်အဖြစ် အလံထူ။
မြောက်ဒဂုံ၊ မဝတလမ်းဆုံအနီးနေ စားသောက်ဆိုင်လုပ်ငန်းရှင်တဦးက “အခွန်တွေ စွတ်ကောက်၊ ဈေးတွေက တက်တဲ့ဒဏ်ကိုတော့ အများနည်းတူခံရပေမဲ့ အရင်အာဏာမသိမ်းခင်တုန်းကလို အမြတ်မများပေမဲ့ အမြတ်နည်းသွားတာပဲ ရှိတယ်၊ ရပ်တည်လို့ရတယ်။ လူတွေက အဆင်မပြေတော့ သောက်တာစားတာ ချွေတာလာပေမဲ့ လူအဝင်တော့ ကျမသွားဘူး။ ဒါပေမဲ့၊ အခုတော့ ကိုယ်တွေပါ ပြာနေပြီ” လို့ ဆိုတယ်။
ဇာတ်လမ်းက ၂၀၂၄ နိုဝင်ဘာလကုန်ပိုင်းမှာ စတင်တယ်။ ရန်ကုန်မြို့က ဆင်ခြေဖုံးမြို့နယ်တွေတင်မ က မြို့တွင်းပိုင်း လူစည်ကားရာနေရာတွေမှာပါ နေ့၊ ညမရှောင် ပေါ်တာဆွဲတဲ့ပြဿနာ။ ကံဆိုးစွာနဲ့ ပေါ်တာအဆွဲခံရပြီး ပြန်လွတ်ဖို့ဆိုတာ သိန်း သုံးလေးဆယ် နင့်နေအောင်ပေးနိုင်မှ။ ဖြစ်ချင်ရာဖြစ် ကံသာအမိ ကံသာအဖ မှတ်ကာ စစ်တပ်ထဲ ဇွတ်မှိတ်လိုက်သွားခဲ့ရင်တော့ နောက် ၆ လမကြာ အသက်မပျောက်ရင် ဒုက္ခိတဖြစ်မှာ သိပ်သေချာနေတာကြောင့် ရန်ကုန်မြို့သားတွေ အိမ်တွင်းပုန်းဘဝ ရောက်ကြရ။
“ည ၇ နာရီလောက်ဆိုရင်ကို ၄၀ ကျော် ၅၀ တွေတောင် ဖင်တကြွကြွနဲ့ ပြန်ဖို့ပြင်နေပြီ။ လူငယ်တွေ တော်တော့်ကို ပါးသွားတယ်။ အခုဆိုင်ကို လူအဝင်တော်တော်ကျသွားတာ ၁ လကျော်ပြီ။ အခုအတိုင်း ဆက်ပြီး ပေါ်တာဆွဲနေရင် ဆိုင်တွေအကုန် စီးပွားပျက်မယ်” လို့ စားသောက်ဆိုင်လုပ်ငန်းရှင်က ဆိုတယ်။
သူတို့ စားသောက်ဆိုင်မှ မဟုတ်။ လက်ဖက်ရည်ဆိုင်တွေလည်း နေ့ခင်းဘက်တောင် လူခပ်ပါးပါး။ ရန်ကုန်မှာ အေးအေးလူလူ ထိုင်ကြတဲ့ တခြားဆိုင်မှန်သမျှတို့သည်လည်း လူမလာ ဖြူကာပြာကာ ကျလို့။ သောက်ပြီးရင် ဆက်ချီတက်လေ့ရှိကြတဲ့ ကေတီဗီဆိုင်တွေလည်း တစပြင်ပမာ။
စစ်ကောင်စီက ဆိုင်တွေကို အဲဒီလို စီးပွားဖျက်ပြီးနောက် အခုနောက်ဆုံးပေါ်စီးပွားပျက်ကြတာက လျှပ်စစ်မီးနဲ့ လည်ပတ်နေရတဲ့ စက်ရုံကြီး၊ ငယ်တွေနဲ့ အိမ်တွင်း တနိုင်တပိုင်လုပ်ငန်းလေးတွေအထိ။ လျှပ်စစ်မီးက ဆိုးဆိုးဝါးဝါး ပျက်၊ လောင်စာဆီဈေးကလည်း ခေါင်ခိုက်မြဲမို့ ဘယ်လုပ်ငန်းကမှ မီးစက်မောင်းမလည်ပတ် နိုင်။ အကုန်ငုတ်တုတ်ထိုင်ဆဲရေးကြရ။
“အထည်ချုပ်စက်ရုံဆီကနေ တဆင့်ပြန်ယူပြီး စက် ၈ လုံးလောက်နဲ့ ချုပ်နေတဲ့ ကျနော်တို့နားက အိမ်ဆို အခု စက်သံမကြားရတာ ၁၀ ရက်လောက်ရှိပြီ” လို့ မြောက်ဥက္ကလာ၊ ခြောက်ကွေ့အနီးနေ လူငယ်လေးတဦးက ပြောပါတယ်။
ရန်ကုန်မှာ ကတုတ်ကျင်းမတူးရသေးတာ၊ စစ်ကြောင်းမရှောင်ရတာနဲ့ လေကြောင်း တိုက်ခိုက်မခံရသေးတာကလွဲ ရန်ကုန်သည်လည်း ပြေးပြေးလွှားလွှား၊ ပြာပြာခါခါ။ ဒါပေမဲ့၊ ရန်ကုန်ဟာ ရောက်လာသမျှ လောကဓံပေါင်း သောင်းခြောက်ထောင်ကို အံတင်းတင်းကြိတ် တောင့်ခံနေတာလို့လည်း ဆိုတယ်။
ရန်ကုန်မှာ အကုန်ပြာ၊ ရန်ကုန်မှာ အသံတိတ်နေပေမဲ့ ရန်ကုန်ဟာ စစ်ကောင်စီလက်အောက် ဘယ်တော့မှ အညံ့မခံဘူးလို့ အဲဒီလူငယ်လေးက ထပ်ပြောသွားတယ်။
ရန်ကုန်ဟာ ရန်ကုန်ပဲ။ စစ်ကောင်စီ ရန်ကုန်ကို လျှော့မတွက်မိစေနဲ့။