ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ ဇန်နဝါရီ ၁၅ ရက် ညပိုင်းက တက္ကစီအငှားကား ယာဉ်မောင်း တယောက် လည်ပင်းပြတ်ရှဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒေါပုံ၊ ဇေယျာသီရိရပ်ကွက်၊ ၆ လမ်းထိပ်က ပေ ၈၀ လမ်းမပေါ်မှာ မနေ့ ည ၈ နာရီ မိနစ် ၂၀ လောက်က ဒဏ်ရာပြင်းထန်ရထားတဲ့ တက္ကစီယာဉ်မောင်း တယောက်ကို ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ပါတယ်။
ဒဏ်ရာရရှိထားသူဟာ ဇေယျာသီရိရပ်ကွက်၊ ၈ လမ်းမှာ နေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ် ကိုကျော်ကျော်ဟန်ဖြစ်ပြီး ဒဏ်ရာရရှိလျက်နဲ့ နေအိမ်ပြန်မောင်းလာချိန် ၂ လမ်းအလိုမှာ ကားရပ်တန့်သွားတာကြောင့် ရပ်ကွက်နေသူတွေက တွေ့ရှိခဲ့ကာ သက်ဆိုင်ရာအဖွဲ့တွေကို အကြောင်းကြားခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “သူ့နေရာကို သူပြန်ရောက်လာအောင် မောင်းလာတဲ့ သဘောရှိတယ်။ ၈ လမ်းမှာပဲ သူ့အိမ်က။ လည်ပင်းပြတ်ရှဒဏ်ရာက တော်တော်ကြီးတယ်။ ဆေးရုံကြီးမှာပဲ ဆုံးသွားတာ”လို့ ဆိုပါတယ်။
သက်ဆိုင်ရာအဖွဲ့တွေ ရောက်ရှိစစ်ဆေးချိန်မှာတော့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ဘယ်ရင်ဘတ်တည့်တည့် ထိုးသွင်းဒဏ်ရာတွေနဲ့ သွေးထွက်လွန်နေခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့က ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ပေးခဲ့ကြပါတယ်။
တက္ကစီယာဉ်မောင်း ကိုကျော်ကျော်ဟန်ဟာ မနေ့ ည ၈ နာရီ ၅၅ မိနစ်မှာ ရရှိဒဏ်ရာနဲ့ ဆေးရုံမှာပဲ သေဆုံးသွားတာကြောင့် အလောင်းအမှတ် PR-039နဲ့ ဆေးရုံကြီးမှာ ဆက်လက်ထားရှိခဲ့ကြပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်ရရှိပြီလို့ သိရပါတယ်။
တက္ကစီယာဉ်မောင်းဟာ ဒဏ်ရာဘယ်လိုရလာပြီး ဘယ်သူတွေက သူ့ကို ဘာကြောင့် အခုလို သတ်ခဲ့တာလဲ ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။