Home
မြန်မာသတင်း
ရန်ကုန်တွင် အအေးပိုပြီး ဆောင်းရာသီ ရက်ကြာရှည်မည်
DVB
·
January 16, 2025

ရန်ကုန်မြို့မှာ ၂၀၂၅ ဇန်နဝါရီလအလယ်လောက်ကနေ မတ်လဆန်းလောက်အထိ အအေးဓာတ်ကျ‌န်ပြီး ဆောင်းရာသီကြာရှည်မယ်လို့ အရပ်ဘက်မိုးလေဝသလေ့လာသူ ဆရာဦးဝင်းနိုင်က ပြောပါတယ်။

၂၀၂၄ ခုနှစ်ဟာ အယ်လ်နီညိုနှစ် ဖြစ်ခဲ့တာ‌ကြောင့် နေ့အပူချိန် ၄၀ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ခဲ့ပြီး မြန်မာ့ဆောင်းရာသီအတွင်း ၂ ရက်လောက်သာ အ‌အေးဓာတ်ရတာပါ။

ဆရာဦးဝင်းနိုင်က “ဆောင်းရာသီအနေနဲ့တော့ အအေးလှိုင်းဖြတ်တာတို့ ဘာတို့တော့ မရှိဘူး။ လောလောဆယ်ပေါ့။ အဓိကကတော့ နေ့လယ်ဘက်ဆိုရင် ပူတယ်ပေါ့။ မနက်စောစောရဲ့ အအေးဓာတ်လေးကတော့ ကျန်တာပေါ့။ ၂ နာရီ ၃ နာရီလောက်ဆိုရင်တော့ ပူတယ်။ ညနေစောင်းသွားရင်တော့ ပြန်ပြီးတော့ အေးလာတယ်။ လောလောဆယ်ကတော့ နေလို့ကောင်းတဲ့ရာသီပေါ့ ရန်ကုန်မှာကတော့။ မနှစ်က အပူချိန် ၁၆ ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ ဒါပေမဲ့ ၂ ရက် ၃ ရက်လောက်ပဲ။ ပြီးတော့ ချက်ချင်းပြန်ပူသွားတယ်။ နေ့အပူချိန်က ပြီးခဲ့တဲ့နှစ်က ၄၀ အထက်ပူတယ်။ ဒီနှစ်ကတော့ ၃၃၊ ၃၄ အဲဒီပတ်ဝန်းကျင်လောက်ပဲ” လို့ ပြောပါတယ်။

ရန်ကုန်မြို့ခံတွေကတော့ မနှစ်က ဒီဇင်ဘာ‌လလောက်မှာ အအေးဓာတ် အနည်းငယ်ရခဲ့ပေမဲ့ မနှစ်ကထက်စာရင် ဒီနှစ် ဇန်နဝါရီလထဲမှာ နေလို့ထိုင်လို့ကောင်းပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကတော့ ရေချိုးတာကအစ ဂရုစိုက်နေရတယ်လို့ ပြောပါတယ်။

တာမွေမြို့နယ်မှာ နေထိုင်သူတယောက်က “အခုရက်ပိုင်းက အအေးလှိုင်းဖြတ်နေတယ်လို့ ထင်တယ်။ ရေချိုးဖို့ဆိုရင် ရေနွေးနဲ့ချိုးမှ အဆင်ပြေတယ်။ ခေါင်းလျှော်တဲ့အခါဆိုရင် ရေနွေးနဲ့စပ်ပြီး ချိုးရတယ်။ လူကြီးတွေဆိုလည်း အဲဒီလိုချိုးမှ အဆင်ပြေတယ်။ ဒါမှမဟုတ် ရေပတ်တိုက်ပေးမှ။ မနှစ်ကကျတော့ ၁၂ လပိုင်းလောက်က အေးတယ်။ ဒီနှစ်က တလပိုင်းမှာ တအားအေးလာတာ။ မနှစ်ကထက်တော့ ဒီနှစ် ၁ လပိုင်းက ပိုအေးတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့က ဆင်ခြေဖုံးရပ်ကွက်တွေမှာတော့ ညပိုင်းတွေမှာ အုပ်စုလိုက် ထင်းမီးလှုံကြသူတွေကို ပြန်လည်တွေ့လာရသလို ‌ရပ်ကွက်ဈေးတွေမှာ အနွေးထည်ဝယ်ယူနေကြသူတွေကိုလည်း တွေ့ရပါတယ်။

ရန်ကုန်မြို့ တိုက်ခန်းနေထိုင်သူတွေကတော့ လျှပ်စစ်မီး ပြတ်တောက်ချိန် ကြာမြင့်နေတဲ့ ရန်ကုန်မှာ ဒီလိုအေးလာတာက အဲကွန်းပန်ကာ မလိုဘဲ သက်တောင့်သက်သာ ရှိတယ်လို့ ပြောကြပြီး သွေးတိုး ဆီးချို ရှိသူတွေက ဒီကာလမှာ လေဖြတ်၊ လေဖြန်း ဖြစ်နိုင်ခြေရှိလို့ သတိပြုဖို့ ‌တိုက်တွန်းထားပါတယ်။

လမ်းမတော်မြို့နယ်မှာ နေထိုင်သူတယောက်က “ဘာကွာလဲဆိုတော့ ဒီနှစ်ကတော့ မနှစ်ကထက် ပိုအေးတာ တွေ့ရတယ်။ မနှစ်ကဆိုရင် သိပ်ပြီးတော့ အနွေးထည်ကို မဝတ်ဖြစ်ဘူး။ ဒီနှစ်က အိပ်ရာဝင်တာနဲ့ အင်္ကျီလက်ရှည် ဟူဒီ ဝတ်အိပ်ရတယ်။ အခုလို ရာသီဥတုကတော့ မီးမလာလည်း နေလို့ထိုင်လို့ ကောင်းပါတယ်။ ရာသီဥတုက အေးအေးလေး။ လေဖြတ်တာတို့ လေဖြန်းတာတို့ကတော့ အဓိက ဂရုစိုက်ရမယ်။ တချို့ သွေးတိုးရှိတဲ့သူတို့၊ ဆီးချိုရှိတဲ့သူတို့ဆိုရင် ဒီကာလမှာ ဂရုစိုက်ရမယ်” လို့ ပြောပါတယ်။

လူမှုကူညီရေးနဲ့ ကြက်ခြေနီအသင်း မှတ်တမ်းတွေအရ အအေးဓာတ်ပိုလာပေမဲ့ အပူချိန်ကြောင့် ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွား ကြုံတွေ့နေရသူတွေ မရှိသေးတာ တွေ့ရတဲ့အပြင် ကျန်းမာရေးဝန်ကြီးဌာနကလည်း ဆောင်းရာသီဖြစ်တတ်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတချို့ ကြိုတင်ကာကွယ်ဖို့ အသိပေးထားတာ တွေ့ရပါတယ်။

ကြက်ခြေနီအသင်းဝင်တယောက်က “ရေချိုးဖို့တောင် စဉ်းစားရတယ်။ တိုက်ခန်းတွေမှာဆို အရင်က ဒီလိုအအေးမျိုး မရှိဘူး။ နေ့ခင်းနေ့လယ်တောင်မှ အနွေးထည် ဝတ်နေရတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထူးထူးခြားခြား မတွေ့ရဘူး။ ညဘက်အေးမယ်။ ရေချိုးဆင်ခြင် ဒီလောက်ပဲ မှာချင်ပါတယ်” လို့ အကြံပြုပါတယ်။

ဆရာဦးဝင်းနိုင်ကတော့ ၂၀၂၅ ခုနှစ်ဟာ အယ်လ်နီညိုနဲ့ လာနီညာ ရာသီဥတု ဖြစ်နိုင်ခြေထက် အစွန်းရောက်ရာသီဥတု မရှိဘူးလို့ ပြောကြားထားပြီး နေ့လယ်ပိုင်းတွေမှာ ခြောက်သွေ့လေတွေ တိုက်နိုင်တာကြောင့် မီးဘေးအန္တရာယ်အတွက် ဂရုစိုက်ဖို့ အသိပေးထားပါတယ်။

“ရန်ကုန်က မနက်စောစော ၅ နာရီနဲ့ ၆ နာရီကြားမှာ အအေးဆုံးအချိန်ဖြစ်မယ်။ ၁၇၊ ၁၈၊ ၁၆ ဒီဂရီဆဲစီးယပ် ဝန်းကျင်မှာ ရှိနေတယ်။ ရန်ကုန်ကတော့ ဖေဖော်ဝါရီလ အကုန်အထိ ရှိနေမှာ။ ဖေဖော်ဝါရီလအထိလည်း သွားနိုင်တယ်။ ရန်ကုန်မှာ အအေးကတော့ ဆက်နေဦးမယ်။ နေ့အပူချိန်ကတော့ နေ့လယ် ၂ နာရီ ၃ နာရီ ပတ်ဝန်းကျင်မှာ အပူဆုံးအချိန်ဖြစ်မယ်။ ဗုဒ္ဓဟူးနေ့အတွက်ဆိုရင် ၃၄၊ ၃၆ လောက်အထိ တက်နိုင်တယ်။ နောက်ပြီးတော့ လေကလည်း ခြောက်တယ်။ မီးလောင်နိုင်တဲ့အန္တရာယ် များတယ်။ ဒါကြောင့် မီးဘေးအန္တရာယ် ဂရုစိုက်ဖို့ ပြောထားတာ။ အရင်နှစ်တွေကထက် ထူးထူးခြားခြား အအေးမပိုဘူး။ ပုံမှန်အအေးပဲ။ အရင်တုန်းကဆိုရင် ဆောင်းရာသီဆို တရက်နှစ်ရက်လောက် အေးတယ်။ ပြီးရင် ပြန်ပူတယ်။ ဆောင်းက ပျောက်သွားတယ်လို့ ပြောမှာပေါ့။ အခုကတော့ ဆောင်းရဲ့အပူချိန်က အအေးကြာမယ်။ ရက်ရှည်မယ်။ ဆောင်းတွင်းပီပီပြင်ပြင် ဖြစ်မှာပေါ့။ ပြီးခဲ့တဲ့နှစ်ကတော့ အယ်လ်နီညိုနှစ် ဖြစ်တယ်။ အဲဒါကြောင့် ကမ္ဘာ့အပူဆုံး ၁၅ မြို့စာရင်းမှာတောင် ဝင်တယ်။ ဒီနှစ်ကတော့ အယ်လ်နီညိုနှစ် မဟုတ်ဘူး။ လာနီညာနှစ်လို့လည်း ပြောလို့မရဘူး။ ဖြစ်နိုင်ခြေက ၅၉ ရာခိုင်နှုန်းပဲရှိတယ်။ ပုံမှန်ရာသီဥတုဖြစ်မယ်။ အစွန်းရောက်ရာသီဥတု မရှိဘူး။”

နေ့အပူချိန် ပြင်းပါက ညအပူချိန် တိုးတာကြောင့် ရန်ကုန်မြို့ နေ့ပူအချိန် ၃၃ ဒီဂရီဆဲစီးယပ်လောက်သာ ရှိတဲ့အတွက် အပူချိန်လျော့ပြီး ဇန်နဝါရီလ အလယ်လောက်ကနေ မတ်လဆန်းအထိ အအေးဓာတ်ကျန်ကာ ဖေဖော်ဝါရီလထဲမှာတော့ မြူဆိုင်းတာတွေ ရှိလာနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013