
ထိုင်းနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် နိုင်ငံတဝန်း စားသောက်ဆိုင် ၂၀,၀၀၀ ကျော်ကို အချိန် ၃ လအတွင်းမှာ ဖုန်မှုန့်ကင်းစင်သီးသန့် စားသောက်ခန်းတွေနဲ့ တိုးချဲ့လုပ်ဆောင်ဖို့ ထိုင်းကျန်းမာရေးဌာနက တွန်းအားပေးသွားမယ့်အကြောင်း The Nation သတင်းမှာ ဖေဖော်ဝါရီ ၂ ရက်က ဖော်ပြပါတယ်။
ဒါဟာ နိုင်ငံတဝန်း လေထုညစ်ညမ်းမှု မြင့်တက်လာခဲ့ပြီးနောက် အများပြည်သူနဲ့ ဆိုင်တဲ့ နေရာတွေမှာ လေထုအရည်အသွေး မြှင့်တင်ဖို့ ကြိုးပမ်းလုပ်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းကျန်းမာရေးဌာန အကြီးတန်းအရာရှိ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတိ ဆဝမ်သမ်က လက်ရှိ ခရိုင် ၉ ခုက စားသောက်ဆိုင် ၂၃၄ ဆိုင်မှာ ဖုန်မှုန့်ကင်းစင်တဲ့ အခန်းတွေ ရှိနေပြီး ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးသူတွေအနေနဲ့ ပိုမိုရွေးချယ်စရာတွေ ရှိလာစေဖို့ ဌာနက အဆိုပါအရေအတွက်ကို တိုးမြှင့်ဖို့ ရည်မှန်းထားလို့ ပြောပါတယ်။
ကနဦးအနေနဲ့ ထိုင်းကျန်းမာရေးဌာနက ဘန်ကောက်နဲ့ အနီးတဝိုက် စားသောက်ဆိုင် ၅၀ ကျော်က ပိုင်ရှင်တွေကို ဖုန်မှုန့်ကင်းစင်အခန်းတွေ တပ်ဆင်နည်းကို လေ့ကျင့်ပေးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာ ဖူးခက်နဲ့ ချင်းမိုင်က စားသောက်ဆိုင် လုပ်ငန်းရှင်တွေကို ဆက်လက်ပြီးတော့ သင်တန်းတွေ ပို့ချပေးသွားမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံတဝန်း ခရိုင်တွေ အတော်များများမှာ လေထုညစ်ညမ်းမှုတွေကြောင့် ခရိုင်နဲ့ အထွေထွေရောဂါကု ဆေးရုံတွေအားလုံးမှာ လူနာတွေအတွက် ဖုန်မှုန့် ဒဏ်ခံနိုင်တဲ့ အထောက်အကူပစ္စည်းတွေ ပြင်ဆင်ထားပြီးဖြစ်သလို ဌာနအနေနဲ့ ရပ်ရွာဆေးရုံတွေ အားလုံးကိုလည်း ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ အခန်းတွေ တပ်ဆင်ဖို့ စည်းရုံးလှုံ့ဆော်နေပြီဖြစ်တယ်လို့ ဒေါက်တာ သီတိက ပြောပါတယ်။
ကလေးသူငယ်တွေ၊ ကျောင်းသားတွေအတွက်လည်း ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ အဆောက်အဦတွေ ပံ့ပိုးပေးနိုင်ဖို့ ကလေးထိန်းကျောင်းတွေနဲ့ စာသင်ကျောင်းတွေကိုလည်း လှုံ့ဆော်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။
ဖုန်မှုန့်ဒဏ်ခံနိုင်တဲ့ အခန်းတခု တည်ဆောက်ရာမှာတော့ အဓိက အတိုင်းအတာ ၄ ခု လို အပ်ကြောင်း ဒေါက်တာ သီတိက ရှင်းပြခဲ့ပြီး အဲဒီထဲမှာတော့ အခန်းတွင်း ပြင်ပဖုန်မှုန့်တွေ ဝင်ရောက်မှုက ကာကွယ်ပေးထားတာ၊ နံရံတွေ၊ ပစ္စည်းတွေ၊ စက်ကိရိယာတွေနဲ့ မျက်နှာပြင်တွေပေါ် ဖုန်မှုန့်တွေ စုပုံလာတာကို ကာကွယ်ပေးထားတာ၊ အခန်းအတွင်း ဖုန်မှုန့်တွေကို ဖယ်ရှားတာ၊ အခန်းတွင်း အမွှေးနံ့သာတိုင် မီးရှို့တာ၊ ဒါမှမဟုတ် ဆေး လိပ်သောက်တာလို လှုပ်ရှားမှုတွေကို ရှောင်ကြဉ်ရမယ်လို့ ပြောပါတယ်။
လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမဲ့ အများအားဖြင့်တော့ PM 2.5 လို့ခေါ်တဲ့ ၂ ဒသမ ၅ မိုက်ခရိုမီတာနဲ့ ဒါထက်ပိုသေးငယ်တဲ့ အမှုန်အမွှားပါဝင်နှုန်းအပေါ်မှာပဲ အခြေခံတွက်ချက်ထားတာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ လေထုထဲမှာ PM 2.5 အမှုန်အမွှား ၁၀ ကနေ ၂၅ မိုက်ခရိုဂရမ်ထက်ပိုပါက ကျန်းမာရေးထိခိုက်လာနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ၊ နှလုံး၊ အဆုတ်ရောဂါနဲ့ ကင်ဆာအပါအဝင် နာတာရှည်ရောဂါတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားပါတယ်။
Source: Nation Thailand