Home
နိုင်ငံတကာ
နှစ်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့ရသည့် ထိုင်းနိုင်ငံက လိင်တူချစ်သူများ
DVB
·
January 28, 2025
Photo: REUTERS/Chalinee Thirasupa

ထိုင်းနိုင်ငံက လိင်တူချစ်သူတွေဟာ လိင်တူ လက်ထပ်မှု ဥပဒေအတွက် နှစ်ပေါင်း ၂၀ ကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီးတဲ့နောက် ဇန်နဝါရီ ၂၃ ရက်နေ့မှာတော့ အောင်မြင်မှု အသီးအပွင့်တွေကို ခံစားခဲ့ကြရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာ စတင်အသက်ဝင်တဲ့ လိင်တူလက်ထပ်ခွင့်ဆိုင်ရာ ဥပဒေအရ ချင်းမိုင်မြို့က LGBTQ စုံတွဲတွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့မှာ လက်ထပ်လက်မှတ်ထိုး အခမ်းအနားကို ဆင်နွှဲခဲ့ကြပါတယ်။

ထိုင်းနိုင်ငံဟာ LGBTQ တွေအပေါ် နားလည်ပေးနိုင်တဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာမှာ နာမည်ကောင်းရခဲ့တာ ကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့လည်း စည်းရုံးလှုံ့ဆော်ခဲ့သူတွေဟာ တိုးတက်မှုရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ကြရတာပါ။

Chiang Mai Pride Organizer Team မှ  အာတီ စံဆူဝမ် က  “လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ချစ်သူများနေ့ရောက်တိုင်းရောက်တိုင်း ဒီဥပဒေမူကြမ်းနဲ့ ပတ်သက်တဲ့ ကမ်ပိန်းလုပ်ခဲ့တယ်ပေါ့နော်။ ဒါပေမဲ့လည်း လက်ထပ်ခွင့် ဥပဒေ ပြဋ္ဌာန်းမှု မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ NGO တွေ၊ CSO တွေ ပေါင်းစုံပြီးတော့ ကိုယ်စားလှယ်အသီးသီးက လွှတ်တော်ထဲထိ ဒီဥပဒေမူကြမ်း အတည်ဖြစ်အောင် အားလုံး ဝိုင်းတွန်းနိုင်ခဲ့ကြတယ်။ ဒီနေ့ကတော့ တို့တွေ တရားဝင် လက်ထပ် ထိမ်းမြားခွင့်ရတဲ့ ပထမဆုံးနေ့ပဲ ဖြစ်ပါတယ်။ အစိုးရအဖွဲ့အစည်းတွေ၊ NGO တွေ၊ CSO တွေနဲ့ ဖောင်ဒေးရှင်းတွေ အားလုံးရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ဒီပွဲကို စတင်နိုင်ခဲ့တာပါ” လို့ ပြောပါတယ်။

LGBTQ ဆန့်ကျင်ရေး ဆန္ဒပြသူတွေက အကြမ်းဖက် ခြိမ်းခြောက်ခဲ့လို့ ၂၀၀၉ ခုနှစ်တုန်းက ပထမဆုံးကျင်းပတဲ့ ချင်းမိုင် Pride ပွဲတော်ကို ဖျက်သိမ်းခဲ့ရဖူးပါတယ်။ ချင်းမိုင်မြို့မှာ လက်ထပ်လက်မှတ်ထိုးခဲ့ကြတဲ့ စုံတွဲ လန်နဲ့ ဒန်ကတော့ လွန်ခဲ့တဲ့ ၂၆ နှစ်က ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

“ဒီနေ့ပွဲလေးမှာ ပါဝင်ကျင်းပခွင့်ရတဲ့အတွက် သိပ်ကို စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ဒီနေ့လို အခိုက်အတန့်လေးအတွက်လည်း ထိုင်းအစိုးရကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် အရေးကြီးဆုံးက ဘုရင်မင်းမြတ်ကိုလည်း ကျေးဇူးတင်ပါတယ်။ LGBTQ တွေရဲ့ အသံကို နားထောင်ပေးခဲ့တဲ့ အတွက်ပေါ့နော်။”

ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ လိင်တူလက်ထပ်တာကို တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာပြီး အာရှမှာတော့ ထိုင်ဝမ်နဲ့ နီပေါပြီးရင် တတိယမြောက် နိုင်ငံဖြစ်ပါတယ်။

ဒီဥပဒေအသစ်ဟာ ၁၈ နှစ်နဲ့အထက် မည်သူမဆို လက်ထပ်ထိမ်းမြားခွင့်ရှိပြီး လိင်ကွဲ စုံတွဲတွေအတိုင်း အကျိုးခံစားခွင့်၊ အခွင့်အရေးတွေ အညီအမျှခံစား ရရှိမှာဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၂၀ အောက် ငယ်ရွယ်သူတွေကတော့ အုပ်ထိန်းသူ ဒါမှမဟုတ် မိဘတွေရဲ့ ခွင့်ပြုချက် လိုအပ်မှာပဲ ဖြစ်ပါတယ်။ 

စောမင်းသိမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013