Home
နိုင်ငံတကာ
ငါးဖမ်းလှေလုပ်သား ၄ ဦး ပြန်လွတ်ရေး ကြိုးပမ်းနေဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော
DVB
·
January 28, 2025

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းလှေလုပ်သား ၄ ယောက် အမှုကိစ္စအပေါ် ဝန်ကြီးဌာနက လျစ်လျူရှုထားတာမဟုတ်ဘဲ ပြန်လည်လွတ်မြောက်လာရေးအတွက် ကြိုးပမ်း နေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်က ပြောတဲ့အကြောင်း Bangkok Post သတင်းမှာ ဇန်နဝါရီ ၂၈ ရက်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ကျင်းပခဲ့တဲ့ ဆီးနိတ်အစည်းအဝေးမှာ အထက်လွှတ်တော်အမတ်တဦးဖြစ်တဲ့ သနာခွန် ဖာဝေါ်ရှင်နာချော့က အဆိုပါ အမှုကိစ္စနဲ့ ပတ်သက်ပြီး တိုးတက်မှု အခြေအနေကို မေးမြန်းချိန်မှာ ခုလိုဖြေကြားခဲ့တာဖြစ်ပြီး ထိုင်းအာဏာပိုင်တွေအနေနဲ့ ထိန်းသိမ်းခံ ငါးဖမ်းလှေလုပ်သားတွေနဲ့ အနည်းဆုံး ၃ ကြိမ် တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းခဲ့တယ်လို့လည်း ပြောပါတယ်။

အထက်လွှတ်တော်အမတ် သနာခွန်ကတော့ ငါးဖမ်းလှေပိုင်ရှင်နဲ့ စကားပြောဆိုမှုအပေါ် ကိုးကားပြီးတော့ ထိန်းသိမ်းခံထားရတဲ့ ငါးဖမ်းလှေလုပ်သားတွေကို အခုအချိန်အထိ သွားရောက်ကြည့်ရှုမှု တကြိမ်သာ လုပ်ဆောင်ခဲ့တယ်လို့ ပြောလိုက်တာပါ။ 

ဒါ့အပြင် ဖမ်းဆီးခံ ငါးဖမ်းလှေလုပ်သားတယောက်ရဲ့ မိသားစုဝင်တယောက်က တွေ့ဆုံမှုက ၃ မိနစ်အောက်သာ ကြာမြင့်ခဲ့သလို ဖုန်းခေါ်ဆိုခွင့်ကလည်း တိုတောင်းပြီး ဆက်သွယ်ခွင့်ရဖို့ ခက်ခဲတာကြောင့် ဒါဟာ ထိုင်းအစိုးရရဲ့ ဖမ်းဆီးခံအကျဉ်းသားတွေကို သွားရောက်ကြည့်ရှုပြီး ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

ထိုင်းတောင်ပိုင်း၊ ရနောင်းခရိုင်နဲ့ကပ်လျက် မြန်မာ့ရေပိုင်နက်ထဲ ကျွံဝင်သွားတဲ့ ထိုင်းငါးဖမ်းလှေတစီး၊  ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာလုပ်သား ၂၇ ယောက်တို့ကို မြန်မာ အာဏာပိုင်တွေက ဖမ်းဆီးထားရာမှာ တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တရားရုံးက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား ၄ ယောက်မှာ အသက် ၆၀ နဲ့ ၇၀ ကြား လူကြီးပိုင်းတွေဖြစ်ပြီး စက်လှေပိုင်ရှင်မှာ ထောင်ဒဏ် ၆ နှစ်နဲ့ ငွေဒဏ် ကျပ် ၂ သိန်း၊  စက်ပြင်ဆရာ အပါအဝင် ထိုင်း ၃ ယောက်မှာ ထောင်ဒဏ် ၄ နှစ်နဲ့ ငွေဒဏ် ၄၀၀၀၀ ၊ မြန်မာရေလုပ်သား ၂၇ ယောက်ကတော့ ထောင်ဒဏ် ၁ နှစ်စီ အသီးသီး ချမှတ်ခံထားရတာပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့က မြန်မာအာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာတော့ တခြား ထိုင်းအကျဉ်းသား ၁၅၁ ယောက် ပါဝင်ခဲ့ပေမဲ့ လတ်တလော ဖမ်းဆီးခံထားရတဲ့ ထိုင်းနိုင်ငံသား ၄ ယောက်ကတော့ ပါမလာသေးပါဘူး။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး နိုင်းမာရစ်ကတော့ အစိုးရအနေနဲ့ အဆိုပါ ငါးဖမ်းလှေလုပ်သားတွေ ဖမ်းဆီးခံရချိန်ကတည်းက ပြန်လည်လွတ်မြောက်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့သလို အမှုကြန့်ကြာနေရတဲ့ အကြောင်းရင်းကလည်း နှစ်နိုင်ငံ လိုက်နာရမယ့် လုပ်ငန်းစဉ်အမျိုးမျိုးကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာကလည်း ထိန်းသိမ်းခံ ငါးဖမ်း လှေလုပ်သားတွေ လွတ်မြောက်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ဖို့ အဆင့် ၂ ဆင့်ခွဲကာ ကြိုးပမ်းဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်လို့ ပြောလိုက်ပြီး တင်းမာမှုတွေ လျော့ပါးစေဖို့ နှစ်နိုင်ငံ နယ်ခြားကော်မတီကလည်း ဒီကိစ္စကို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013