ထိုင်းတောင်ပိုင်း၊ မလေးရှားနယ်စပ် ဆုန်ခလာခရိုင် ဆဒေါဝ်းမြို့မှာ ကျားဖြန့် ငွေလိမ်ဂိုဏ်းက တပ်ဆင်ထားတဲ့ ဆက်သွယ်ရေးကိရိယာတွေ ဖမ်းဆီးရမိတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဆဒေါဝ်းမြို့ ဆမ်နတ်ခန်အုပ်စု ဘန့်ဒန်နောက်ရပ်ကွက်ထဲမှာ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းက ဆက်သွယ်ရေးစက်ကိရိယာ တပ်ဆင်ပြီး နယ်မြေထဲရှိ ပြည်သူတွေကို လိမ်လည်နေကြောင်း သတင်းရထားတဲ့အတွက် နည်းပညာရာဇဝတ်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ (AOC) က အချိန်အတိုင်းအတာတခုထိ စုံစမ်းစစ်ဆေးခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကိရိယာထားရှိတဲ့နေရာကို သိရှိတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်က တိုင်းဒေသ ၆ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ အမှတ် ၄ NBTC အမျိုးသား အသံလွှင့်နဲ့ ကြေးနန်းဌာန တာဝန်ရှိသူတွေနဲ့အတူ ဘန့်ဒန်နောက်ရပ်ကွက်ရှိ အဆောင်တခုကို သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဆောင်ထဲက အခန်းတခန်းကို သော့ဖျက်ပြီး ဝင်ရောက်ရှာဖွေရာမှာ ခုတင်အောက်မှာ ဝှက်ထားတဲ့ ဆိမ်းဘောက်စ် ၂ ခု၊ လောင်ဒါ (အင်တာနက်လိုင်းဖမ်းကိရိယာ) ၁ စုံ၊ အင်တာနက်သွယ်ဝိုင်ယာကြိုး ၂ ချောင်းနဲ့ အခြားပစ္စည်းကိရိယာတွေ တွေ့ရှိတယ်လို့ ဆိုပါတယ်။
အဆိုပါအခန်းကို မလေးရှားနိုင်ငံသား POON WEI MIN ဆိုသူက တလ ဘတ် ၃၅၀၀ နဲ့ လွန်ခဲ့တဲ့ ၂ လလောက်ကမှ လာရောက်ငှါးရမ်းထားတာလို့ အဆောင်ဆိုင်ပိုင်ရှင်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဆိမ်းဘောက်စ်မှာ တနေ့လျှင် လူပေါင်း ၂ သိန်းခန့် ခေါ်ဆိုနိုင်တဲ့ ခေတ်ပေါ် ကိရိယာတမျိုးဖြစ်တယ်၊ call center ငွေလိမ်ဂိုဏ်းတွေ အသုံးပြုကြတယ်။ ဒီမတိုင်ခင် ပြီးခဲ့တဲ့ ၂၀၁၄ အောက်တိုဘာလလောက်က ဆဒေါင်းမြို့နယ်ထဲက ပြည်သူတွေ ကျားဖြန့်ဂိုဏ်းရဲ့ ဆက်သွယ်လိမ်လည်ခြင်းခံခဲ့ရတယ်၊ စုစုပေါင်း ဘတ်ငွေ ၂ သန်းကျော် ဆုံးရှုံးခဲ့တယ်၊ ပြည်သူတွေရဲ့ တိုင်တန်းမှုကြောင့် လိုအပ်သလိုစုံစမ်းစစ်ဆေးပြီး ခုလိုဝင်ဖမ်းတာလို့ ဆိုပါတယ်။
ပြည်သူတွေအနေနဲ့ မသင်္ကာဘွယ်ရာ အဆိုပါပစ္စည်းတွေ အသုံးပြုနေတာ တွေ့ရှိပါက နည်းပညာရာဇဝတ်မှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့ (AOC) ရဲ့ အရေးပေါ်ဖုန်းနံပါတ် ၁၄၄၁ ကို ဆက် သွယ်အကြောင်းကြားဖို့ တာဝန်ရှိသူက ပြောပါတယ်။
Source: MGR Online