
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ တရားမဝင်နေထိုင်လို့ ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံမှ နိုင်ငံခြားသား ၆၁ ယောက်ကို ဖေဖော်ဝါ ၆ ရက် မွန်းလွဲပိုင်းမှာ မြန်မာဘက်ကနေ ထိုင်းဘက်ကို မြန်မာ-ထိုင်းချစ်ကြည်ရေးတံတားအမှတ် ၂ ကနေတဆင့် လွှဲပြောင်းပေးအပ်လိုက်ပါတယ်။
တရုတ်နိုင်ငံသား အမျိုးသား ၃၆ ယောက်နဲ့ အမျိုးသမီး ၃ ယောက် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံမှ ၆၁ ယောက်တို့ဟာ မြန်မာနိုင်ငံထဲမှာ တရားမဝင်နေထိုင်သူဖြစ်ကြပြီး ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ အွန်လိုင်း ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သံသယနဲ့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
သက်ဆိုင်ရာနိုင်ငံတွေဆီကို ပြန်မပို့ခင် လူကုန်ကူးမှုနဲ့ ပတ်သက်မှုရှိမရှိ ထိုင်းနိုင်ငံမှာ စစ်ဆေးကာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်သွားမှာဖြစ်သလို ထိုင်းနိုင်ငံရဲ့ ဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း ထိုင်းအစိုးရ တာဝန်ရှိသူက ပြောပါတယ်။