
မကွေးတိုင်း ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်အစပ်မှာ ဖေဇော်ဝါရီ ၃ ရက်နေ့ကစပြီး ၅ ရက်နေ့အထိ အင်အား ၁၅၀ ပါ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက မဲဇလီတံတားအနီးမှာတိုက်ခိုက်ခံရလို့ အထိနာခဲ့တဲ့ စစ်ကြောင်းဖြစ်ပြီး ဖေဖော်ဝါရီ ၃ ရက်နေ့က ပုသိမ်-မုံရွာလမ်း ၃ မိုင်ပေါက်ကို ကျားထိုးတက်လာတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၃၀ ကြာထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဘက်က ဒရုန်းအလွန်အကျွံသုံးပြီး လက်နက်ကြီးပစ်ကူတွေသုံးတာကြောင့် လူအင်အား၊ လက်နက်အင်အား မမျှဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ ၃ မိုင်ပေါက်ကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။
မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေးတာဝန်ခံက “ဖေဖော်ဝါရီလ ၅ ရက်နေ့က ညနေ ၄ နာရီခွဲလောက်က စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ ပစ်ခတ်ခဲ့ပြီး ကြီးအုံရွာ၊ ကြီးမရွာ၊ တမံရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာ တိုက်ပွဲဖြစ်ပွားတဲ့ ၂ ကြိမ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးသွားတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီစစ်ကြောင်းဟာ အထိနာခဲ့လို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားပြီး အဝေးကနေ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
တိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြည်သူတွေကပါပူးပေါင်းပါဝင်ပေးခဲ့ကြလို့ အထိခိုက်မရှိဘဲ ဘေးလွတ်ရာတွေကိုရောက်ရှိခဲ့ပြီး ပြည်သူတွေအနေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာဆောင်ရွက်ပေးခဲ့ကြလို့ အထူးကျေးဇူးတင်တယ်လို့ မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲကို မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပွင့်ဖြူမြို့နယ် မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း၊ Yenanthar Column တော်လှန်ရေးတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။