Home
မြန်မာသတင်း
ကျုံပျော်တပ်မှ တပ်သား ၇ ဦး ထွက်ပြေး၊ ရွာ ၆၀ ခန့်ကို လက်နက်ရှာဖွေစစ်ကြောင်းထိုး
DVB
·
February 9, 2025

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် အခြေစိုက် ခလရ ၃၆ တပ်ကနေ စစ်ကောင်စီတပ်သား ၇ ယောက် ထွက်ပြေးသွားပြီး မြို့နယ်ထဲက ကျေးရွာ ၆၀ လောက်မှာလည်း လက်နက်ခဲယမ်းတွေ ရှာဖို့ဆိုပြီး စစ်တပ်ကစစ်ကြောင်းထိုးနေတယ်လို့ တပ်ရင်းနဲ့နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၉ နာရီလောက်က ရခိုင်ပြည်နယ်နဲ့နီးစပ်တဲ့ ရွှေသောင်ယံမြို့ဘက်ကို အင်အားဖြည့်ဖို့ တပ်သားတွေကိုအမိုးအုပ်ကားပေါ်တင်ဖို့ ပြင်ဆင်နေချိန်ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ခလရ ၃၆ တပ်ရင်းနဲ့ နီးစပ်သူက “ည ၉ နာရီကျော်လောက်က ကျုံပျော်အခြေစိုက်တပ်ရင်း ၃၆ ကနေ ကား ၅ စီးနဲ့စစ်သားတွေထွက်ဖို့ပြင်ဆင်နေချိန် ထွက်ပြေးသွားတာ။ ဒီနေ့မနက်ပိုင်းအထိ ပြန်မိတာ မရှိဘူး သိရတယ်။ အစောင့်တပ်သားတွေက အရက်မူးနေတာဆိုတော့ ပြေးလို့ကောင်းတာပေါ့” လို့ ပြောပါတယ်။

ရွှေသောင်ယံမြို့ကို အာရက္ခတပ်တော် AA သိမ်းယူမှာကို ကာကွယ်ဖို့အတွက် စစ်မှုထမ်း တပ်သားတွေနဲ့ တပ်သားအဟောင်းတချို့ကိုသုံးပြီး ခုခံစစ်ပြင်ဆင်နေရတာလို့ သူက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ အပူတပြင်း လိုက်လံရှာဖွေတာ မလုပ်ပေမယ့် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့လည်း သိရပါတယ်။

တပ်နဲ့နီးစပ်တဲ့ဒေသခံတယောက်ကလည်း “ကျုံပျော်မြို့အခြေစိုက်တဲ့ ခလရ ၃၆ တပ်ရင်းထဲမှာက စစ်သားအင်အား အများကြီးရှိတာမဟုတ်ဘူး။ စစ်မှုထမ်း ပေါ်တာဆွဲထားတဲ့ စစ်သားတွေ ဖြစ်ဖို့များပါတယ်။ လွတ်မြောက်ပါစေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နဲ့ဖေဖော်ဝါရီ ၂ ရက်ကလည်း ပုသိမ်မြို့နယ် ခြေလျင်တပ်ရင်း ခလရ ၁၁ က အရာရှိအပါအဝင်တပ်သား ၁၄ ယောက်၊ ရေကြည်မြို့နယ် အမှတ် ၃၄၄ အမြောက် တပ်ရင်းက တပ်ကြပ်အပါအဝင် တပ်သား ၁၂ ယောက်နဲ့ ပုသိမ်မြို့ အမှတ် ၆ စစ်အခြေခံ လေ့ကျင့်ရေးတပ်က တပ်သားသစ် ၅ ယောက်ဟာ လက်နက်တွေယူဆောင်ပြီး ထွက်ပြေးခဲ့ကြပါသေးတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့က ညပိုင်းလောက်မှာပဲ ကျုံပျော်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက ရွာတွေကို စစ်ကြောင်းထိုးဝင်ရောက် ရှာ​ဖွေ စစ်ဆေးတာတွေ လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံပျော်မြို့နယ်အနီးမှာ ကျေးရွာပေါင်း ၉၀ ကျော်ရှိပြီး ရွာပေါင်း ၆၀ လောက်မှာ စစ်ကြောင်းထိုးရှာဖွေတာတွေ ပြုလုပ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကြောင်းထိုးရှာဖွေခံလိုက်ရတဲ့ ဒေသခံတယောက်က “စစ်ကြောင်းထိုးဝင်ရောက်လာတာ အင်အား ၆၀ လောက်ရှိမယ်။ ရဲ၊ စစ်တပ်နဲ့ ပြည်သူ့စစ်တွေပေါင်းပြီး စစ်ဆေးနေတာ။ ဒီရွာတွေမှာ လက်နက် ခဲယမ်းတွေရောက်နေတယ်ဆိုပြီး လာရောက်စစ်ဆေးတာလို့ ပြောတယ်။ ဖမ်းဆီးသွားတာတော့ မရှိဘူး”လို့ DVB ကိုပြောပါတယ်။

မနေ့က ညပိုင်းလောက်က ကွင်းသာ၊ မီးလောင်ရိုး၊ လယ်တီကုန်း၊ သဘောရိုး၊ သပြေကွင်း၊ အင်းမနဲ့ အင်းရဲကျေးရွာတို့ကို ဝင်ရောက်ရှာဖွေသွားပြီး အခုတော့ဘာမှမတွေ့လို့ ဘာမှလုပ်မသွားဘဲ ကျေးရွာတွေဘက်မှာ သေနတ်ပစ်သံ၊ ပေါက်ကွဲသံ တခုခုကြားတာနဲ့ တရွာလုံးမီးရှို့မယ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြိမ်းခြောက်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013